မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၈၄ သန်းနဲ့ ပြောင်းရွှေ့လာမယ့် တောင်ပံကစားသမားအန်တိုနီက အသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ အချိန်ယူရမှာဖြစ်ကြောင်း ရီယိုဖာဒီနန်က သတိပေးပြောဆိုလိုက်ပါတယ်။ အေဂျက်ဇ်တောင်ပံကစားသမားဟာ မန်ချက်စတာကိုရောက်ရှိနေပြီဖြစ်ကာ ဆေးစစ်မှုတွေနဲ့ အခြားလိုအပ်တဲ့အရာတွေကို လုပ်ဆောင်နေပြီး မကြာခင်မှာ တရားဝင်သတင်းထုတ်ပြန်သွားဖို့ရှိနေပါတယ်။
တန်ဟက်ဂျ်နဲ့အတူ အေဂျက်ဇ်မှာ လက်တွဲခဲ့ဖူးတဲ့ အန်တိုနီဟာ ဟော်လန်လိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ်ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ ညာတောင်ပံမှာ ကစားပြီး သူ့ရဲ့ ပြိုင်ဘက်တွေကို ဖြတ်ကျော်လိမ်ခေါက်မှုတွေ၊ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေက အမှန်တကယ်လည်းကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖာဒီနန်ကတော့ ဂျက်ဂရီလစ်ရှ်ရဲ့ ဗီလာကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့မှုနဲ့ ဥပမာပြပြီး ပြောဆိုခဲ့ပါတယ်။
"သူ့မှာ ဖိအားတွေရှိနေပါလိမ့်မယ်၊ ဒီခေါ်ယူမှုအသစ်ကပေါ့၊ မာတီနက်ဇ်ရောက်လာတုန်းက သူ့မှာ ဖိအားနည်းနည်းလေးမှတောင်မရှိတဲ့ပုံပါ၊ သူ့ရဲ့ ပြောင်းရွှေ့ကြေးကိုလည်း သူ မမြင်ဖူးသလိုပါပဲ၊ အန်တိုနီကတော့ ပေါင်သန်း ၁၀၀ ဒါမှမဟုတ် အဲဒီလောက်ပမာဏနဲ့ သူရောက်လာတာပါ၊ သူ့အတွက် အဲဒါက လေးလံတာမျိုးမဖြစ်ဖို့ မျှော်လင့်ပါတယ်"
"ပြီးခဲ့တဲ့နှစ်က ဂရီလစ်ရှ်ကိုကြည့်ပါ၊ ဗီလာက ဂရီလစ်ရှ်မဟုတ်ခဲ့ဘူး၊ သူ့ပြောင်းရွှေ့ကြေးက အရမ်းဖိအားများခဲ့တယ်၊ တခါတလေမှာ များပြားတဲ့ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ကစားသမားတွေက အဲဒီမတိုင်ခင်ကလို လွတ်လွတ်လပ်လပ်မကစားနိုင်ကြဘူး၊ အန်တိုနီအတွက် ပိုက်ဆံတွေသုံးနေတယ်၊ သူက အသက် ၂၂ နှစ်ပဲရှိသေးပြီး ပြီးဆုံးသွားတော့မယ့်သူမဟုတ်ပါဘူး၊ သူ့ရဲ့ အလားအလာကိုဝယ်ယူခဲ့တာပါ"
"ဒါကြောင့် သူ ချက်ချင်းပဲ အဆင်ပြေမယ်လို့တော့ မမျှော်လင့်ပါနဲ့၊ ပထမဆုံးရက်မှာပဲ သူက မီးတောက်တခုလိုဖြစ်မယ်လို့လည်း ယူဆမထားပါနဲ့" လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။ အန်တိုနီဟာ ဆော်ပေါ်လိုကနေ အေဂျက်ဇ်ကို ၂၀၂၀ မှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဟော်လန်ကလပ်အတွက် ၈၂ ပွဲကစားပေးခဲ့ပါတယ်။