အန်တိုနီရဲ့ ချစ်သူဟောင်း ဂါဘရီရယ်လာ ကာဗာလင်က ယူနိုက်တက်အနေနဲ့ အန်တိုနီကို ကစားသမားစာရင်းကနေ သေချာပေါက် ချန်လှပ်သင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အန်တိုနီဟာ ကာဗာလင်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံနေရတာပါ။
ကာဗာလင်ဟာ အန်တိုနီကို တရားစွဲဆိုထားပြီး ဒီအချက်ကြောင့်ပဲ ဘရာဇီးလက်ရွေးစင် အသင်းကြီးက အန်တိုနီကို ဒီတစ်ပတ်မှာ ကစားနေတဲ့ နိုင်ငံတကာပွဲစဉ်တွေအတွက် အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ အန်တိုနီကတော့ သူ့အနေနဲ့ ဒီဖြစ်ရပ်မှာ အပြစ်မရှိကြောင်း ပြောကြားခဲ့ပြီး စွပ်စွဲချက်တွေကို အင်တာဗျူးကတစ်ဆင့် တရားဝင်ငြင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် ဒီအင်တာဗျူးအပြီးမှာပဲ ကာဗာလင်က “အန်တိုနီအနေနဲ့ သေချာပေါက်ကို ကွင်းအတွင်းမှာ ကစားခွင့်မရှိသင့်တော့ပါဘူး။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေချိန်မှာတောင် အန်တိုနီက အခုလိုမျိုး ကစားခွင့်ရနေသေးတာ စိတ်ပျက်စရာပါ။ ကျွန်မက ဒီဖြစ်ရပ်ကြောင့် လုံးဝကို ပျက်စီးခဲ့ရပါတယ်။ ဘာကြောင့် သူက ပုံမှန်အတိုင်း ရှေ့ဆက်ခွင့်ရှိနေရမှာလဲ”
“သူတို့ သိထားသမျှက အကုန်မဟုတ်သေးသလို ဘာမှလည်း မလုပ်ကြသေးပါဘူး။ အန်တိုနီအနေနဲ့ သေချာပေါက် ကစားသမားစာရင်းကနေ ဖယ်ရှားခံရသင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အန်တိုနီကို ယူနိုက်တက်က အသင်းရဲ့ ကစားသမားစာရင်းထဲမှာ ထည့်သွင်းထားဆဲဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်နဲ့ စာချုပ်မဖျက်သိမ်းရဘူးလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ မကြာခင်ကမှ အသင်းရဲ့ လူငယ်အကယ်ဒမီထွက် ကစားသမား ဂရင်းဝုဒ်ကို အလားတူပြဿနာကြောင့် အသင်းကနေ လက်လွှတ်ခံလိုက်ရပါတယ်။ ဂရင်းဝုဒ်ကလည်း အတူနေချစ်သူကို အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်ခဲ့တာကြောင့် တရားစွဲဆိုခံရပြီး အမှုကနေ လွတ်ကင်းသွားခဲ့တာတောင်မှ ယူနိုက်တက်မှာ ပြန်လည်ကစားခွင့် ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။