နယ်သာလန်ဂန္ထဝင်ကစားသမားကြီး ဗန်ဘက်စတန်ကတော့ မန်ချက်စတာယူနိုက်တက်ဟာ အေဂျက်ဇ်ကနေ အန်တိုနီကို ခေါ်ယူခဲ့တာက မှားယွင်းခဲ့ပြီလို့ ပြောဆိုလိုက်ပါတယ်။ အန်တိုနီရဲ့ အေဂျက်ဇ်အသင်းဖော်ဟောင်းဖြစ်သူ ကူဒက်စ်က ပိုကောင်းတဲ့ကစားသမားဖြစ်ပြီး နည်းစနစ်ပိုင်းအရလည်း ပိုမိုအားကောင်းတဲ့သူလို့ ဗန်ဘက်စတန်က ဆိုပါတယ်။
အန်တိုနီကတော့ နွေရာသီမှာ ယူနိုက်တက်ကို ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ လက်ရှိမှာ သူက အသင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲကစားပေးထားပြီး သွင်းဂိုး ၁ ဂိုးတည်းသာရရှိထားကာ ဖန်တီးမှုလည်း လုံး၀မလုပ်ပေးနိုင်သေးပါဘူး။ အခုလည်း ဒဏ်ရာကြောင့် အနားယူနေရပြီး နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲဆက်တိုက် လွဲချော်ခဲ့ပါတယ်။
ဗန်ဘက်စတန်က "အန်တိုနီမှာ သူ့အရည်အသွေးရှိပါတယ်၊ ဒါပေမယ့် သူ လုပ်ပြဖို့ ကြိုးစားနေတာတွေက ရှုပ်ထွေးလွန်းတယ်၊ ကူဒက်စ်က နည်းစနစ်ပိုင်းမှာ ပိုကောင်းပြီး သူ ဘာလုပ်နေတာလဲဆိုတာကို သေချာသိတဲ့သူပါ၊ အန်တိုနီက လျင်မြန်တဲ့သူ ဖြစ်ကောင်းဖြစ်ပလိမ့်မယ်၊ ဒါပေမယ့် ကူဒက်စ်က ပိုပြီးတော့ စမတ်ကျတဲ့ ကစားသမား၊ နည်းစနစ်ပိုင်း ပိုကောင်းတဲ့သူပါ"
"သူက ဘောလုံးသမားတဦးဆိုတာထက် ပိုပါတယ်၊ သူ့ကို ကွင်းအတွင်းမှာ ဘယ်နေရာထားထား ကစားလို့ရတယ်၊ အချက်အလက်တွေအရတော့ ကျနော်က အန်တိုနီထက် သူ့ကို ပိုသဘောကျတယ်၊ သူ ကစားတာကို ကြည့်ရတာ ပိုပြီးကျေနပ်ဖို့ ကေငာ်းပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။
ကူဒက်စ်ကတော့ လက်ရှိရာသီမှာ အေဂျက်ဇ်အတွက် ဟော်လန်လိဂ် ၂၁ ပွဲကစားထားပြီး ၉ ဂိုးသွင်းယူပေးကာ ခြေစွမ်းပြနေပါတယ်။ ချန်ပီယံလိဂ်မှာလည်း သူက ၆ ပွဲကစားကာ ၄ ဂိုးသွင်း၊ ၂ ကြိမ်ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမယ့် အေဂျက်ဇ်ကတော့ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။ ကူဒက်စ်ကို လက်ရှိမှာ အသင်းကြီးတွေက စောင့်ကြည့်နေပြီး အေဂျက်ဇ်အတွက် အကျိုးရှိလာဦးမယ့် ကစားသမားလို့ ရှုမြင်ခံနေရပါတယ်။