ဆောက်သမ်တန်ကို အိမ်ကွင်းမှာ သရေတမှတ်ရဖို့ မနည်းကန်ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ ဆောက်သမ်တန်နဲ့ပွဲမှာ ကက်စ်မဲရိုးအနီကတ်ပြခံခဲ့ရပြီး အိမ်ကွင်းမှာပဲ ဆောက်သမ်တန်ကို ခက်ခက်ခဲခဲရင်ဆိုင်သွားခဲ့ရပါတယ်။ ယူနိုက်တက်တို့ ဂိုးရဖို့ ခက်ခဲနေချိန်မှာပဲ ကက်စ်မဲရိုးရဲ့ ဘောလုံးဖျက်ထုတ်မှုက ပြိုင်ဘက်ခြေထောက်ကို သွားထိခဲ့ရာမှာ အနီကတ်ပြခံလိုက်ရတာပါ။ ဒီဆုံးဖြတ်ချက်မှာတော့ ကွင်းလယ်ဒိုင်က မှားယွင်းတယ်လို့ ဆိုရမှာဖြစ်ပြီး ကက်စ်မဲရိုးက ဘောလုံးအရင်ထိပြီးမှ ခြေထောက်ကို ထိခဲ့တာဖြစ်သလို ဘောလုံးကိုပဲ အာရုံစိုက်ဖျက်ထုတ်ခဲ့တာကို အနှေးပြကွက်မှာ အထင်အရှားတွေ့ရမှာပါ။ 

လူတယောက်အထုတ်ခံလိုက်ရတာက ယူနိုက်တက်အတွက်တော့ ပိုပြီးခက်ခဲသွားခဲ့ပါတယ်။ ဂိုးရဖို့အတွက် ရုန်းကန်နေရချိန်မှာ တယောက်လျော့အနေအထားနဲ့ ကစားရတာဖြစ်လို့ တော်တော်လေးတော့ မလွယ်ကူခဲ့ပါဘူး။ ပဲလေ့စ်နဲ့ပွဲမှာ အနီထိပြီး ပွဲပယ်ပြစ်ဒဏ်က ပြန်လွတ်လာတာမကြာသေးတဲ့ ကက်စ်မဲရိုးက နောက်ထပ်အနီထိခဲ့ပြီး ပွဲထပ်ပယ်ခံရမှာက ယူနိုက်တက်အတွက်တော့ တကယ်ဆိုးရွားလွန်းပါတယ်။ အနီထိပြီးနောက်မှာ ယူနိုက်တက်တို့ ပင်နယ်တီရနိုင်တဲ့ အခြေအနေနှစ်ခုအထိရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR တောင် ပြန်မကြည့်ခဲ့လို့ ယူနိုက်တက်ပရိသတ်တွေ ပိုဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။ 

တယောက်အသာရသွားတဲ့ ဆောက်သမ်တန်ကတော့ တန်းဆင်းဇုန်နဲ့ ဝေးရာဆီကို ပိုရောက်နိုင်ဖို့ တိုက်စစ်ကို အားထည့်ပြီးကစားခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာပဲ ဂိုးရနိုင်တဲ့အနေအထားရှိခဲ့ပြီး ဂိုးစည်းလိုင်းပေါ်ကနေ ဘစ်စ်ကာဖျက်ထုတ်နိုင်ခဲ့လို့သာ ယူနိုက်တက်တို့ သက်သာရာရခဲ့တာပါ။ ပထမပိုင်းမှာပဲ တန်ဟက်ဂျ်က ဝက်စ်ဟော့စ်ကိုထုတ်ပြီး တော်မီနေးကိုထည့်ကာ အပြောင်းအလဲလုပ်ခဲ့ပေမယ့် ယူနိုက်တက်က ဆောက်သမ်တန် ဖိအားပေးတာကိုသာ ရင်ဆိုင်ခဲ့ရပြီး ခံစစ်ကို ပိုအားပြုခဲ့ရတာပါ။ 



ပွဲကစားချိန် ၆၄ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဝဲလ်ကော့ ဘောလုံးဆွဲပြေးလာပြီး ဂိုးသမားနဲ့ တဦးချင်းအနေအထားမျိုး တွေ့ခဲ့ပေမယ့်လည်း ဒီဂီယာကာကွယ်နိုင်ခဲ့ပါတယ်။ ဒီဂီယာက ပထမပိုင်းမှာလည်း အပိုင်ခေါင်းတိုက်ချက်ကို တကြိမ်ပုတ်ထုတ်ခဲ့သလို ဝဲလ်ကော့ရဲ့ ကန်ချက်ကိုလည်း ထပ်ကာကွယ်နိုင်ခဲ့တာပါ။ သူသာ ကာကွယ်ပုံမကောင်းခဲ့ရင် ယူနိုက်တက်တို့ ဂိုးစောစောပေးနေခဲ့ရမှာဖြစ်ပြီး ပိုပြီးခက်ခဲတဲ့ပွဲတပွဲဖြစ်ခဲ့မှာပါ။ ဆောက်သမ်တန်က ဂိုးရဖို့ ဆက်တိုက် ဖိအားပေးနေခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းတာက သူတို့အတွက် နစ်နာခဲ့ရပါတယ်။ 

၆၈ မိနစ်မှာ ဖာနန်ဒက်စ်ရဲ့ အနိမ့်ဘောကန်သွင်းချက် ဆောက်သမ်တန်ဂိုးသမားပုတ်ထုတ်ရာမှာ တိုင်ထိထွက်ခဲ့လို့ ယူနိုက်တက်တို့ ဦးဆောင်ဂိုးရမယ့် အခွင့်အရေးဆုံးရှုံးခဲ့ရပါတယ်။ ဂိုးပြီလို့ ထင်မှတ်ခဲ့ရပေမယ့် ဘောလုံးက တိုင်ထိပြီး ထောင့်ကန်ဘောဖြစ်သွားခဲ့တာပါ။ သိပ်မကြာခင်ပဲ ဆောက်သမ်တန်ကလည်း ထောင့်ကန်ဘောကတဆင့် ဝေါ်ကာပီတာစ်ကန်ချက် တိုင်ထိထွက်သွားလို့သာ ဂိုးမရခဲ့တာပါ။ ယူနိုက်တက်ကတော့ တိုက်စစ်ဆင်နေရင်း ဘောလုံးဆုံးရှုံးတိုင်းမှာ ဆောက်သမ်တန် တိုက်စစ်စတင်တာကို မနည်းထိန်းချုပ်နေခဲ့ရပါတယ်။ 

ဆောက်သမ်တန်တို့ တယောက်အသာရပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကတော့ သူတို့အတွက် နစ်နာခဲ့ပါတယ်။ ဒါပေမယ့် အိုးထရက်ဖို့ဒ်ကနေ သရေတမှတ်ရယူနိုင်ခဲ့လို့ အဖိုးတန်ရမှတ်လို့ ဆိုရမှာဖြစ်ပြီး ယူနိုက်တက်ကတော့ သရေတမှတ်ရအောင် မနည်းရုန်းကန်ခဲ့ရကာ တယောက်တမှတ်စီခွဲယူသွားခဲ့ကြပါတယ်။ 


Share

Loading Next Article...
က္က