မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်ဂျ်ကတော့ ဝေဖန်ခံနေရတဲ့ အန်တိုနီရဲ့ 360 spin trick က အသင်းအတွက် အကျိုးရှိနေတယ်ဆိုရင် သူ လက်ခံတယ်လို့ ပြောဆိုလိုက်ပါတယ်။ ရှာရစ်နဲ့ပွဲမှာ ပြသခဲ့တဲ့ ဒီအကွက်ကြောင့် အန်တိုနီကို ပေါလ်စခိုး၊ ရော်ဘီဆားဗေ့ချ်နဲ့ အိုဝင်ဟားဂရေ့ဗ်တို့က ဝေဖန်ပြစ်တင်နေကြပြီး အကျိုးမရှိတဲ့ လုပ်ရပ်လို့ သုံးနှုန်းခဲ့ကြပါတယ်။
ဒါပေမယ့် ယူနိုက်တက်နည်းပြကြီးတန်ဟက်ဂျ်ကတော့ "သူ လုပ်ပြနေတာက အသင်းအတွက် အသုံးဝင်နေတယ်ဆိုရင် ကျနော့်အတွက် ဘာပြသနာမှမရှိဘူး၊ သူ့ကို ပြိုင်ဘက်ခံစစ်ဇုန်ထဲကို ပိုတိုးဝင်ဖို့၊ ဧရိယာထဲထိ တိုးဖို့၊ ဘောလုံးနဲ့အတူ ဆွဲပြေးတာတွေလုပ်ဖို့တော့ ကျနော့်ဘက်က တောင်းဆိုထားတယ်၊ သူ လုပ်ပြနေတာက အသင်းအတွက် အသုံးဝင်တယ်၊ ဘောလုံးလည်း မဆုံးရှုံးဘူးဆိုရင် အဆင်ပြေတာပဲ"
"ဒါမျိုးက ပြိုင်ဘက်ကစားသမားတွေကို ဆွဲဆောင်နိုင်တာမျိုးလည်းဖြစ်လို့ အသုံးဝင်ပါတယ်၊ ဒါပေမယ့် ဒီလိုလုပ်ပြချင်ရုံသက်သက်နဲ့ လျှောက်လုပ်နေရင်တော့ ကျနော့်ဘက်က ပြင်ဆင်ပေးရမှာပါ၊ ရော်နယ်ဒိုနဲ့ ရက်ရှ်ဖို့ဒ်တို့ တွဲဖက်ကစားတာကို ကြည့်ချင်လို့ သူ့ကို ကျနော် ရက်ရှ်ဖို့ဒ်နဲ့ လူစားလဲခဲ့တာပါ" လို့ တန်ဟက်ဂျ်က ပြောဆိုသွားခဲ့ပါတယ်။
အန်တိုနီဟာ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပြီး သူ ခြေစွမ်းမပြနိုင်တာကြောင့်လို့ အားလုံးက ယူဆခဲ့ကြပါတယ်။ အေဂျက်ဇ်က ရောက်လာပြီးနောက် အန်တိုနီက ပထမဆုံး ၃ ပွဲဆက်တိုက် ၃ ဂိုး သွင်းယူခဲ့သူဖြစ်ပြီး အဓိကကစားသမားအဖြစ် နေရာရနေသူဖြစ်ပါတယ်။ အခုလည်း သူ့အပေါ်ဝေဖန်မှုတွေရှိခဲ့တဲ့နောက် တန်ဟက်ဂျ်က အခုလိုမျိုး ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။