မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ ယခုအပတ်မှာ ဒုတိယအကြိမ် ဆာအဲလက်စ် ဖာဂူဆန်နဲ့ အဲရစ် တန်ဟက်တို့ကို အတူတူမြင်တွေ့ခဲ့ရတဲ့အတွက် အလွန်ပျော်ရွှင်ခဲ့ကြပါတယ်။
ယခုအပတ်အစောပိုင်းမှာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဖာဂီနဲ့ တန်ဟက်နဲ့ အတူတူ ညစာစားခဲ့ကြတာကို မြင်တွေ့ခဲ့ရတာကြောင့် အလွန်ပျော်ရွှင်ခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းနဲ့ လက်ရှိနည်းပြတို့ကြား ဘာတွေဆွေးနွေးခဲ့လဲလို့ မှန်းဆခဲ့ကြတာဖြစ်ပါတယ်။ ဆာအဲလက်စ် ဖာဂူဆန်နဲ့ တန်ဟက်တို့ရဲ့ ဓာတ်ပုံတွေဟာ လီဗာပူးလ်ကို ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးပြတ် အနိုင်ယူပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်က ပရိသတ်တွေအတွက် အလွန်ကောင်းမွန်တဲ့ရက်သတ္တပတ်အတွက် အချိုပေါ် သကာဆင့်သလို ဖြစ်ခဲ့တာဖြစ်ပါတယ်။
အဲဒါတွေအားလုံးဟာ ကြာသပတေးနေ့ည အိုးထရက်ဖို့ဒ်မှာ ဘာစီလိုနာအသင်းကို ယူရိုပါလိဂ် Play-off အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ရင်ဆိုင်ချိန်မှာ လဲပြိုပြီး နာကျင်စရာတွေ ဖြစ်လာနိုင်ခဲ့တာဖြစ်ပါတယ်။ တန်ဟက်ရဲ့အသင်းအတွက် အရာအားလုံးက ကောင်းကောင်း မစတင်နိုင်ခဲ့ဘဲ လီဗန်ဒေါ့ဗ်စကီးရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် အိမ်ကွင်းမှာ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပေမယ့် ဒုတိယပိုင်းမှာ ဖရက်ဒ်နဲ့ အန်တိုနီတို့ကြောင့် အရာအားလုံး ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေဟာ အန်တိုနီရဲ့အနိုင်ဂိုးကို ပွဲကြည့်စင်က ဆာအဲလက်စ် ဖာဂူဆန်နဲ့ ကွင်းဘေးစည်းက တန်ဟက်တို့ အပျော်တွေ အတူတူမျှဝေခံစားခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး နည်းပြဟောင်းနဲ့ လက်ရှိနည်းပြရဲ့ အောင်ပွဲခံမှုကို ကင်မရာက တစ်ချိန်တည်းမှာ ရိုက်ကူးပြခဲ့တာဖြစ်ပါတယ်။ "မျက်လုံးထဲ အကောင်ဝင်ပြန်ပြီ။ ၁၀ နှစ်ကြာနာကျင်ခဲ့ရပြီးနောက်မှာ မြင်တွေ့ရတာတွေက နှစ်သက်စရာကောင်းတယ်"လို့ ပရိသတ်တစ်ဦးက ဖာဂူဆန် အနားယူပြီးနောက်ပိုင်း ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်တဲ့အကြောင်းကို ရည်ညွှန်းပြောဆိုခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ဆာအဲလက်စ် ဖာဂူဆန် ပျော်နေတာ မြင်ရတဲ့အချိန်တိုင်း ငါ့နှလုံးသားက နွေးထွေးသွားတယ်"လို့ မှတ်ချက်ပေးခဲ့ပါတယ်။