အန်တိုနီ ဂိုးသွင်းအပြီးမှာ ဖြစ်ပွားခဲ့တာပါ။

အာဆင်နယ်ပရိသတ်တွေဟာ မနေ့ညက ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ စတုတ္ထဒိုင်ဖြစ်သူရဲ့ အမူအရာတခုအပေါ် ဒေါသတကြီးနဲ့ ဝေဖန်နေကြပါတယ်။ အိုးထရက်ဖို့ဒ်မှာ သွားရောက်ကစားခဲ့တဲ့ ဒီပွဲမှာ အာဆင်နယ်တို့ ယူနိုက်တက်ကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ဒီရာသီ ပထမဆုံးရှုံးပွဲနဲ့ပါ ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။



ဒီပွဲမှာပြောစရာဖြစ်ခဲ့တာက ယူနိုက်တက်တို့ ပူပူနွေးနွေးခေါ်ယူထားတဲ့ တောင်ပံကစားသမား အန်တိုနီ ပွဲဦးထွက်မှာတင် အာဆင်နယ်ဘက်ကို အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဒါ့အပြင် ဒီဂိုးသွင်းယူပြီးချိန်မှာ အောင်ပွဲခံနေတဲ့ တန်ဟက်ခ်ဘေးမှာ စတုတ္ထဒိုင်ကလည်း ကွင်းအတွင်းကို လက်ညှိုးထိုးပြကာ ပြုံးပြုံးရွှင်ရွှင်ရှိနေခဲ့ပြီး တန်ဟက်ခ်နဲ့လည်း အဆင်ပြေပြေ စကားပြောဆိုနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။


တန်ဟက်ခ်ဟာ စတုတ္ထဒိုင်ရဲ့ပခုံးကိုလည်း ကိုင်ရင်း နှစ်ယောက်သား စကားပြောဆိုနေခဲ့တာဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေကတော့ ဒိုင်လူကြီးတယောက်အနေနဲ့ ဒါမျိုးမဖြစ်သင့်ကြောင်း ဝေဖန်နေကြတာဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တွေက “တန်ဟက်ခ်နဲ့စတုတ္ထဒိုင်က အတွဲတွေလိုမျိုး စကားတွေအကြာကြီးပြောနေခဲ့ကြပါတယ်” “တန်ဟက်ခ်က အန်တိုနီရဲ့ဂိုးရပြီးတဲ့နောက် စတုတ္ထဒိုင်ဆီသွားခဲ့ပါတယ်”

“စတုတ္ထဒိုင်ကလည်း ခရစ္စမတ်နေ့ မနက်ခင်းရောက်နေသလိုမျိုး ပြုံးပျော်ရွှင်နေပြီး အနည်းဆုံးတော့ ခင်ဗျားရဲ့ ဘက်လိုက်မှုကို ဖုံးကွယ်လိုက်ပါဦး” “ယူနိုက်တက်ဂိုးသွင်းပြီးနောက် မြင်ရတဲ့ စတုတ္တဒိုင်ပါ။ ပရီးမီးယားလိဂ်က ဒါကို စုံစမ်းစစ်ဆေးသင့်ပါတယ်” လို့ အမျိုးမျိုးဝေဖန်နေကြပါတယ်။ ဒါ့အပြင် ဒီပွဲမှာ အာဆင်နယ်တို့ ဦးဆောင်ဂိုးအရင်သွင်းနိုင်ပေမယ့် မာတီနယ်လီရဲ့ အဆိုပါသွင်းဂိုးကိုလည်း VAR နဲ့ ပယ်ဖျက်ခဲ့ပါတယ်။


မာတီနယ်လီ ဂိုးမသွင်းခင်မှာ အာဆင်နယ်တို့ ဘောလုံးရဖို့ အိုဒီဂတ်က အဲရစ်ဆင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ပြီး အာဆင်နယ်ရဲ့ဂိုးကို ပယ်ဖျက်ခဲ့တာပါ။ အဲ့ဒီနောက်မှာ ယူနိုက်တက်က အန်တိုနီရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဆာကာက ဒုတိယပိုင်းမှာ ပြန်လည်ချေပခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးနှစ်ဂိုးကြောင့် အာဆင်နယ်တို့ အိုးထရက်ဖို့ဒ်မှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

Share

က္က