အာဆင်နယ်အသင်းက ဒုတိယမြောက်ဂိုးရချိန် အူဘာမီယန်း ပင်နယ်တီ ကန်သွင်းပြီးချိန်မှာ အဆိုပါ ပရိသတ်က ကွင်းထဲဝင်လာလို့ စမောလင်းက ဖယ်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်ယူ အသင်းတို့ပွဲစဉ်မှာ အာဆင်နယ်ပရိသတ်တစ်ဦး ကွင်းအတွင်း ဝင်ရောက်လာခဲ့ပြီး မန်ယူနောက်ခံလူ စမောလင်းကို ဝင်တိုက်သလို ပြုမူခဲ့တယ်လို့ BBC SPORTက ဖော်ပြပါတယ်။
စမောလင်းအနေနဲ့ကတော့ ပြေးဝင်လာတဲ့ အာဆင်နယ်ပရိသတ်ကြောင့် ထိခိုက်မှု တစုံတရာ မဖြစ်စေဖို့ တွန်းဖယ်ခဲ့တာလည်း ဖြစ်ပါတယ်။
“ ဒီ ပရိသတ်တစ်ဦးရဲ့ အပြုအမူကိုတော့ လုံးဝရှုတ်ချပါတယ်၊ စမောလင်းနဲ့ ဝင်တိုက်မိသလို ဖြစ်ခဲ့တဲ့အပေါ်မှာလည်း စမောလင်းကို တောင်းပန်ပါတယ်၊ အဆိုပါ ပရိသတ်ကိုလည်း ဖမ်းဆီးထားပါပြီ။ တာဝန်ရှိသူတွေနဲ့ လုပ်ဆောင်စရာရှိတာတွေ ဆက်လက် လုပ်ဆောင်နေပါတယ်” လို့ အာဆင်နယ်အသင်းက ထုတ်ပြန်ခဲ့တာကို BBC SPORTက ဖော်ပြထားပါတယ်။
အဆိုပါ ပရိသတ်ကို လက်ရှိမှာ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားဆဲ ဖြစ်ပြီး အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီ ကတော့ - “ ဒီဖြစ်စဉ်က ကျွန်တော် လိုချင်တဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး၊ ပရိသတ်အားလုံး လေးစားမှုရှိစေချင်ပါတယ်။” လို့လည်း အကြံပြုသွားပါတယ်။