လီဗာပူးနည်းပြကလော့ပ်ဟာ ကွာတားဖိုင်နယ်ပွဲစဉ်အတွက် သင့်လျော်တဲ့အချိန် မသတ်မှတ်ပေးဘူးဆိုရင် လီဗာပူးအသင်းအနေနဲ့ ကရာဘောင်ပြိုင်ပွဲကနေ ထွက်ခွာမှာဖြစ်တယ်လို့ ခြိမ်းခြောက်ပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက် ၅ ဂိုးစီ သရေကျခဲ့တဲ့အတွက် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ လီဗာပူးအသင်းက ၅-၄ နဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ အတွေ့အကြုံမရှိတဲ့ လူငယ်ကစားသမားတွေကို အူနိုင်းအမ်မရီရဲ့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ အသုံးပြုခဲ့တာဖြစ်ပြီး လူငယ်ကစားသမားတွေက ၎င်းကို ဂုဏ်ယူရအောင် လုပ်ပြနိုင်ခဲ့ပေမယ့်လည်း ကလော့ပ်က ကရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့်ကို လက်လွှတ်ခံမှာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်၊ အက်စ်တွန်ဗီလာ၊ ကိုလ်ချက်စတာ၊ လက်စတာ၊ အဲဗာတန် သို့မဟုတ် အောက်စ်ဖို့ဒ်ယူနိုက်တက်တို့ထဲက တစ်သင်းနဲ့ တွေ့ဆုံုယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ကရာဘောင်ကွာတားဖိုင်နယ်ပွဲစဉ်ဟာ ပုံမှန်အားဖြင့် ဒီဇင်ဘာလာ ၁၆ ရက်နေ့မှာ ကျင်းပလေ့ရှိပြီး လီဗာပူးအသင်းကစားရမယ့် ကလပ်ကမ္ဘာ့ဖလားပွဲစဉ်နဲ့ သွားတိုက်နေမှာဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမဆုံးပွဲစဉ်ဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ကလော့ပ်က ပြည်တွင်းပွဲစဉ်အချိန်ဇယားရေးဆွဲသူတွေအနေနဲ့ သင့်တော်တဲ့အချိန်မှာ ပွဲချိန်သတ်မှတ်ဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။
“တကယ်လို့ သူတို့တွေ ကျွန်တော်တို့အတွက် သင့်တော်တဲ့နေရာ ရှာမတွေ့ဘူးဆိုရင် ခရစ်စမတ်နေ့ မနက် ၃ နာရီမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ အဲဒီပွဲကို ကစားသွားမှာမဟုတ်ပါဘူး”
“သူတို့တွေ အဲဒီဆုံးဖြတ်ချက်ကို ချရမယ်။ ခင်ဗျား ဒီလိုအရာတွေအတွက် တွေးထားရမယ်။ တကယ်လို့ ခင်ဗျားမှာ အသင်းတစ်သင်းက ပွဲစဉ်အားလုံးရဲ့ တစ်စိတ်တပိုင်းမဖြစ်နိုင်တဲ့ ပွဲစဉ်ဇယားရှိတယ်ဆိုရင် ခင်ဗျား အဲဒီပွဲစဉ်စာရင်းနဲ့ပတ်သက်ပြီး စဉ်းစားရမယ်”
“အခု စပြီး သူတို့တွေးနေမယ်လို့ မျှော်လင့်မိပါတယ်။ ဒါက တရားမျှတတယ်လို့ ကျွန်တော် တကယ်ထင်ပါတယ်။ ဒီပြဿနာက အခုအချိန်မှာ သိသာနေပါတယ်။ ကျွန်တော်တို့ ဒီပြဿနာရဲ့ သားကောင်တော့ အဖြစ်မခံနိုင်ပါဘူး”
“ကျွန်တော်တို့ ဒီညကစားတယ်။ ကျွန်တော်တို့ အနိုင်ရရှိချင်ခဲ့တယ်။ ကျွန်တော်တို့ အနိုင်ရအောင်လုပ်နိုင်ခဲ့တယ်။ တကယ်လို့ သူတို့တွေ ကျွန်တော်တို့အတွက် သင့်တော်တဲ့နေ့ရက်ရှာမပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့ နောက်တစ်ဆင့်ကို မကစားနိုင်တော့ပါဘူး။ ကျွန်တော်တို့နဲ့တွေ့တဲ့ ဘယ်ပြိုင်ဘက်အသင်းမဆို နောက်တစ်ဆင့် တက်သွားပါလိမ့်မယ်။ ဒါမှမဟုတ် အာဆင်နယ်က အဲဒီအသင်းနဲ့ ကစားပါလိမ့်မယ်”လို့ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။