ပရီးမီးယားလိဂ်ပွဲစဉ် (၃၀)အတွက် အိုဝင်က ပွဲစဉ်အားလုံးကို ခန့်မှန်းထားပေမယ့် Duwun Sports ပရိသတ်ကြီးအတွက်တော့ အသင်းကြီးပွဲစဉ်တွေကိုပဲ ပြန်လည်ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
ဒီတစ်ပတ်မှာ ကစားရမယ့် ပရီးမီးယားပွဲစဉ် (၃၀)အတွက် မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက်တွေကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ရာသီကုန်ဆုံးခါနီးလာတာနဲ့အမျှ ချန်ပီယံဖလားလုပွဲ၊ ဥရောပဝင်ခွင့်တိုက်ပွဲနဲ့ တန်းဆင်းဇုန်ကရုန်းထွက်ပွဲတွေနဲ့ စည်ကားလာပြီလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၃၀)အတွက် အိုဝင်က ပွဲစဉ်အားလုံးကို ခန့်မှန်းထားပေမယ့် Duwun Sports ပရိသတ်ကြီးအတွက်တော့ အသင်းကြီးပွဲစဉ်တွေကိုပဲ ပြန်လည်ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
ဆောက်သမ်တန် နဲ့ တော့တင်ဟမ်
စပါးက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်း နှစ်ပွဲလုံးကို ရှုံးခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာလည်း လိုရစ်ရဲ့ ပယ်နယ်တီကာကွယ်နိုင်ခဲ့မှုကြောင့်သာ သရေတစ်မှတ်ရခဲ့တာပါ။ ကြားရက်မှာ ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲကိုတော့ ဟယ်ရီကိန်းရဲ့ သွင်းဂိုး နဲ့ သူတို့အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ပါတယ်။
စိန့်ကတော့ နည်းပြ ဟာဆန်ဟူဆယ်လ်လက်ထက်မှာ အိမ်ကွင်း (၇)ပွဲကို (၃)ပွဲသာ နိုင်ထားတဲ့ အသင်းပါ။ စပါးကလည်း အမှတ်ပေးဖလားလမ်းကြောင်းကနေ ကျန်ရစ်သွားခဲ့ပါပြီ။ ဒါပေမယ့် စပါးအနေနဲ့ ထိပ်ဆုံး(၄)သင်းနေရာဝင်ထားဖို့ တိုက်ပွဲဝင်ရဦးမှာပါ၊ ယူနိုက်တက်၊ ချယ်လ်ဆီး နဲ့ အာဆင်နယ်တို့က ဖိအားပေးနေတာ ဖြစ်ပါတယ်။ ပိုချက်တီနိုက အသင်းဟောင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ ရှုံးပွဲလုံးဝမရှိပဲ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေကျထားပါတယ်၊ စပါးအနေနဲ့ ဒီပွဲမှာ အမှတ်တွေယူသွားမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ေဆာက်သမ်တန် ဝ-၃ စပါး ပါ။
မန်စီးတီး နဲ့ ဝက်ဖို့ဒ်
မန်စီးတီးက ဝက်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး (၇)ပွဲလုံးမှာ အနိုင်ရထားပြီး ရဂိုးက (၂၂) နဲ့ ပေးဂိုးက (၃)ဂိုးသာ ရှိတာပါ။ ဂွာဒီယိုလာရဲ့ အသင်းအနေနဲ့ ဒီပွဲမှာ ဒီဘရိုင်း၊ လာပေါ့တ်၊ စတုန်းစ် နဲ့ ဖာနန်ဒင်ဟိုတို့ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ မန်စီးတီးက အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားမှာ ဖြစ်ပြီး လီဗာပူးလ်ကစားရမယ့် ပွဲစဉ်မတိုင်မီ အမှတ်အပြတ်နဲ့ ဦးဆောင်သွားနိုင်မယ်လို့ သိရပါတယ်။ ဒီပွဲမှာ ဂွာဒီယိုလာအတွက်တော့ ထင်သလိုဖြစ်လာဖွယ်ရာတော့ နည်းပါးပါတယ်။ စီးတီး ၂-၁ ဝက်ဖို့ဒ်ပါ။
လီဗာပူးလ် နဲ့ ဘန်လေ
လီဗာပူးလ်က ပရီးမီးယားလိဂ်မှာ အိမ်ကွင်းနောက်ဆုံး (၃၅)ပွဲကို ရှုံးပွဲမရှိတဲ့အသင်းပါ။ ဒါပေမယ့်လည်း ၂၀၁၉ အတွင်းကစားခဲ့တဲ့ (၉)ပွဲမှာတော့ သူတို့က (၄)ပွဲပဲ နိုင်ခဲ့ပါတယ်။ ခံဏစ်မှာ ဗန်ဒိုက်လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားလို့ ဒီရာသီ (၂၉)ပွဲကစားအပြီးမှာ သူတို့က (၁၅)ဂိုးပဲ ပေးရပါသေးတယ်။
ဒါပေမယ့် မိုဆာလာ (၃)ပွဲဆက် ဂိုးပေါက်ပျောက်နေတဲ့ ပြသနာရှိနေပြီး ဆာလာအတွက် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက အီဂျစ်တိုက်စစ်မှူးအတွက် အချိန်ခဏလောက်သာ ဖြစ်မှာပါ၊ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက အိမ်ကွင်းမှာတော့ ရမှတ်တွေကို ယူသွားမယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ လီဗာပူးလ် ၂-၀ ဘန်လေ ပါ။
ချယ်လ်ဆီး နဲ့ ဝုလ်ဗ်
ဝုလ်ဗ်က အိုးထရက်ဖို့ဒ် နဲ့ အီးမရိတ်စ်တို့မှာ ရမှတ်တွေ ရယူထားပြီးတော့ ဝင်ဘလေမှာဆို နိုင်ပွဲတောင် ရထားတဲ့ အသင်းပါ။ တကယ့်ကို အံ့အားသင့်စရာကောင်းတာကတော့ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ဟတ်ဒါဖီးလ်ကို ရှုံးနိမ့်ခဲ့တာပါပဲ။
ဝုလ်က ဒီဇင်ဘာလအတွင်းက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ပွဲကို အနိုင်ရထားပြီး ၂၀၀၀-၀၁ နောက်ပိုင်း ချယ်လ်ဆီးကို အိမ်ကွင်း၊အဝေးကွင်း နိုင်ပွဲရတဲ့ အသင်းဖြစ်ဖို့လည်း ရှိနေပါတယ်။ ချယ်လ်ဆီးကတော့ နောက်ဆုံးကစားထားတဲ့ အိမ်ကွင်းပွဲကို အနိုင်ရထားပါတယ်။ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး (၄)သင်းကို ဝင်ရောက်ဖို့ သူတို့ အကောင်းဆုံးစိန်ခေါ်နေဦးမယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ချယ်လ်ဆီး ၁-၀ ဝုလ်ဗ် ပါ။
အာဆင်နယ် နဲ့ ယူနိုက်တက်
အာဆင်နယ်က နောက်ဆုံးကစားထားတဲ့ အိမ်ကွင်း (၈)ပွဲကို အနိုင်ရထားတာပါ။ ဒါပေမယ့် ဇန်နဝါရီလက ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာတော့ယူနိုက်တက်ကို သူတို့ အိမ်ကွင်းမှာ ရှုံးထားပါတယ်။ ဆိုးလ်ရှားအနေနဲ့ ဒီပွဲမှာ အမှတ်ပေးပွဲ အဝေးကွင်း (၇)ပွဲဆက် နိုင်သွားနိုင်တယ်လို့ ကျွန်တော် ထင်တယ်။
အာဆင်နယ်က မန်စီးတီး (၄၂မှတ်) ပြီးရင် အိမ်ကွင်းရမှတ်အများဆုံး (၃၈မှတ်) ရရှိထားတဲ့ အသင်းဆိုပေမယ့်လည်း ဖလားပွဲမှာ အနိုင်ရထားတဲ့ စိတ်ပိုင်းဆိုင်ရာအားသာချက်ကို ယူနိုက်တက်တို့ အသုံးချသွားမှာပါ။ ဆိုးလ်ရှားအသင်းက ဒီပွဲကို အနိုင်ယူပြီး ဖျော်ဖြေမှုပေးနိုငမယ်ဆိုပေမယ့် ဒီပွဲရဲ့ ပြိုင်ဆိုင်မှုကတော့ ပြင်းထန်နေဦးမှာ ဖြစ်ပါတယ်။ အာဆင်နယ် ၁-၃ ယူနိုက်တက်ပါ။