လီဗာပူးကြယ်ပွင့်တောင်ပံကစားသမား ချန်ဘာလိန်ဟာ ယမန်နေ့ညက အာဆင်နယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ကရာဘောင်ဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ ၎င်းရဲ့ အံ့အားသင့်ဖွယ်သွင်းဂိုးကို သွင်းယူခဲ့ပြီးနောက် အောင်ပွဲမခံဖို့ ကြိုးစားခဲ့ရတာ ခက်ခဲခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ကြောင်း Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။
လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ လီဗာပူးအသင်းဟာ ၃-၁၊ ၄-၂ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့််လည်း အံ့အားသင့်ဖွယ် တစ်ဖက် ၅ ဂိုးစီ ညီမျှသွားအောင် လိုက်လံကစားနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
လီဗာပူးကြယ်ပွင့် ချန်ဘာလိန်ဟာ ပြင်းထန်တဲ့ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် လီဗာပူးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနေသူဖြစ်ပြီး ၈၁ မိနစ်မှာ ပက်ဒရိုချီရီဗီလာနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဂျန့်ခ်အသင်းနဲ့ပွဲစဉ်မှာ ပြောင်မြောက်တဲ့သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့် ချန်ဘာလိန်ဟာ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီဧရိယာထိပ်ကနေ အဝေးကန်သွင်းချက်နဲ့ နောက်ထပ်လှပတဲ့သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ချန်ဘာလိန်ဟာ ပွဲစဉ်တလျှောက်လုံး အဝေးကွင်းပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပေမယ့်လည်း အသင်းဟောင်းပရိသတ်တွေကို ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိသူဖြစ်ပါတယ်။
“ဒီနေ့ည အသင်းအတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ အထူးသဖြင့် လူငယ်ကစားသမားတွေနဲ့ ပွဲပြီးတဲ့အထိ ကျွန်တော်တို့ မှန်ကန်တဲ့အရာတွေ လုပ်နိုင်ခဲ့တဲ့အတွက်ပါ။ အန်းဖီးရဲ့ အရှိန်အဝါက အမြဲတမ်းရှိခဲ့တဲ့အတိုင်း မယုံကြည်နိုင်စရာပါပဲ”
“ကျွန်တော့်ရဲ့သွင်းဂိုးကို အောင်ပွဲမခံမိအောင် နေရတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့အသင်းဟောင်းအပေါ်မှာ လေးစားမှုရှိပါတယ်”လို့ ၎င်းရဲ့တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။