မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ပက်ထရစ်အီဗရာက သူဟာ အာဆင်နယ်အသင်းကို ကလေးအသင်းလို့ ပြောကြားခဲ့ဖူးတာကို ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ ပြင်သစ်လက်ရွေးစင်ကစားသမားကြီးက အာဆင်နယ်တိုက်စစ်မှူး ဗန်ပါစီ မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောက်ရှိလာချိန်မှာ ပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဗန်ပါစီကတော့ ၂၀၁၂ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းမှာ (၈)နှစ်ကြာ ကစားခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပထမဆုံးရာသီမှာပဲ ဗန်ပါစီဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး ဗန်ပါစီရဲ့ အလုပ်အပေါ်ထားရှိတဲ့ စိတ်ထားဟာ ယူနိုက်တက်မှာ နဲ့ ယခင် သူကစားခဲ့ဖူးတဲ့ အသင်းတွေမှာနဲ့ ကွဲပြားခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။
"ဗန်ပါစီ ယူနိုက်တက်ကို ရောက်ရှိခဲ့တဲ့အချိန်နဲ့ ကျွန်တော်ဥပမာပေးပါ့မယ်၊ သူအသင်းကို ရောက်လာတော့ မင်းအတွက်သင့်တော်တဲ့အသင်း၊ လူကြီးအသင်းက ကြိုဆိုပါတယ်၊ ကလေးအသင်းမဟုတ်ဘူးနော်လို့ ကျွန်တော်ပြောခဲ့တယ်၊ အဲဒီလိုလည်းပြောပြီးရော သူ ရယ်ပါလေရာ၊ ကျွန်တော်ပြောတာကို သူ နားလည်ပါတယ်၊ ဘာလို့လဲဆိုတော့ သူ ပြန်ပြောခဲ့တာကို ကျွန်တော်မှတ်မိသေးတယ်၊ ပက်ထရစ်၊ အခု အကြီးမားဆုံးအသင်းကြီးတစ်သင်းမှာ ကျွန်တော်ကစားရတော့မယ်ဆိုတာ ခံစားမိပါတယ်၊ ဘာလို့လဲဆိုတော့ ခင်ဗျားတို့အားလုံးက ဆုဖလားတွေ အများကြီး ရယူပြီးပြီ၊ ဆုတံဆိပ်တွေရောပဲပေါ့၊ ခင်ဗျားက လေ့ကျင့်ခန်းမစခင် Gym အရင်သွားတယ်၊ လေ့ကျင့်ခန်းပြီးရင်လည်း Gym ကိုသွားတယ်ဆိုပြီး သူ ပြန်ပြောခဲ့တယ်လေ" လို့ အီဗရာက ပြောပြခဲ့ပါတယ်။
"သူက ကလေးတစ်ယောက်လိုပါပဲ၊ ကျွန်တော်တို့ အဲဒီလိုတွေ ပြုမူတာက သူ့အတွက်တော်တော်လေး ထူးဆန်းနေသလိုပဲ၊ကျွန်တော်တို့ ပြုမူနေတာကိုကြည့်ပြီး သူပြောတာက ဒီလိုဗျ၊ ခင်ဗျားတို့အားလုံးကို ကျွန်တော်လိုက်ကြည့်နေတာ၊ ပြီးတော့ ကျွန်တော် အလုပ်ကို ကြိုးကြိုးစားစား လုပ်နေပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော် ဆုဖလားလိုချင်တယ်၊ ကျွန်တော်နိုင်ပွဲတွေလိုချင်တယ်ဆိုပြီး သူ ပြောခဲ့တာ" လို့ အီဗရာက ဗန်ပါစီ အသင်းပြောင်းရွှေ့ခါစက အခြေအနေတွေကို ပြန်ပြောပြခဲ့ပါတယ်။
အသက် (၃၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဗရာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဝက်စ်ဟမ်းအသင်းမှာ ကစားခဲ့ပြီး ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ (၉) နှစ်ကြာ ကစားခဲ့တဲ့ အီဗရာဟာ စုစုပေါင်း (၃၇၉)ပွဲအထိ ကစားပေးခဲ့ပြီး (၁၀) ဂိုးသွင်းယူပေးခဲ့တဲ့ ဘယ်နောက်ခံကစားသမား ဖြစ်ပါတယ်။ အဲဒီနောက်မှာ အီဗရာဟာ ဂျူဗင်တပ်စ်၊ မာဆေးလ် နဲ့ ဝက်စ်ဟမ်းတို့မှာ ဆက်လက်ကစားခဲ့ပါတယ်။