ခံစစ်ကြောင်းမှာ အဓိက,ကစားသမားတွေဒဏ်ရာရပြီး အသင်းရလဒ်တွေပါ ကမောက်ကမဖြစ်နေချိန်မှာ အာဆင်နယ်အသင်းရဲ့အဓိကနောက်ခံလူ ဟိုးလ်ဒင်းတစ်ယောက် ဒဏ်ရာကနေပြန်လာတော့မယ်ဆိုတဲ့ သတင်းတွေကို အင်္ဂလန်မီဒီယာတွေမှာ မြင်တွေ့နေရပါတယ်။ အင်္ဂလန်မီဒီယာတွေကတော့ အာဆင်နယ်အတွက် ဟိုးလ်ဒင်းပြန်လာနိုင်တော့မှာက ပရိသတ်တွေအတွက် ခရစ္စမတ်လက်ဆောင်လို့ တင်စားဖော်ပြနေကြပါတယ်။
ခရစ္စမတ်ကာလအတွင်းမှာ အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် အာဆင်နယ်ပရိသတ်တွေဟာ ခရစ္စမတ်လက်ဆောင်မရသလိုခံစားနေကြရပါတယ်။ အာဆင်နယ်အသင်းမှာ အဓိကနောက်ခံလူ အများအပြား ဒဏ်ရာပြဿနာရှိနေပြီး ခံစစ်ပိုင်းဖရိုဖရဲဖြစ်နေသလို ခရစ္စမတ်အပြီးကစားခဲ့တဲ့ ဘရိုက်တန်၊ လီဗာပူးလ်အသင်းတို့နဲ့ပွဲတွေမှာလည်း နှစ်ပွဲပေါင်း ခြောက်ဂိုးအထိပေးထားရပါတယ်။ အခုတော့ အာဆင်နယ်ပရိသတ်တွေအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် အားထားရတဲ့နောက်ခံလူ ဟိုးလ်ဒင်းပြန်လာတော့မှာပါ။
ဘော်လ်တန်ကစားသမားဟောင်း၊ အင်္ဂလန်နောက်ခံလူ ဟိုးလ်ဒင်းဟာ မန်ယူနဲ့သရေကျခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူရမယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် သုံးပတ်အကြာမှာပဲ လေ့ကျင့်မှုတွေ ပြန်ုလုပ်နိုင်တော့မယ်လို့ ကစားသမားက တွစ်တာစာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။ “ရက်အနည်းငယ်ကြာ အပြီးမှာတော့ လေ့ကျင့်ရေးကွင်းကိုပြန်လာနိုင်တော့မှာပါ။”လို့ ဟိုးလ်ဒင်းက တွစ်တာစာမျက်နှာမှာရေးသားထားပါတယ်။
အသက် ၂၃နှစ်အရွယ် ခံစစ်ကစားသမားဟာ ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ခြောက်လကနေ ကိုးလအထိ အနားယူရဖို့ရှိတယ်လို့ သတင်းတွေကဖော်ပြခဲ့ပေမယ့် မျှော်လင့်ထားတာထက်ပိုပြီး စောလျင်စွာ သက်သာလာတာပါ။ ဟိုးလ်ဒင်းအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ အပေါ့စားလေ့ကျင့်ခန်းတွေပြန်လုပ်နိုင်တော့မှာဖြစ်ပေမယ့်လည်း ပွဲထွက်ကစားဖို့အတွက်ကတော့ ကာလအနည်းငယ်ကြာမြင့်နိုင်ဦးမယ်လို့လည်း သိရပါတယ်။