ဒန်နီ မာဖီက ချဲလ်ဆီးအသင်းဟာ အန်ဇို ဖာနန်ဒက်ဇ်ကို ဈေးပိုပေး ဝယ်ယူခဲ့တယ်လို့ စွပ်စွဲခဲ့ပြိး မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့က ကွင်းလယ်ကစားသမား ၂ ဦးက အန်ဇို ဖာနန်ဒက်ဇ်ထက် ပိုမိုကောင်းမွန်တဲ့ ကစားသမားတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီအသင်းဟာ ဘင်ဖီကာကွင်းလယ်ကစားသမားကို အန်ဇို ဖာနန်ဒက်ဇ်ကို အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ ပေါင် ၁၀၆ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် အာဂျင်တီးနားလူငယ်ကြယ်ပွင့်ဟာ ဗြိတိန်ရဲ့ ဈေးအကြီးဆုံးကစားသမားခေါ်ယူမှု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ အကောင်းဆုံးလူငယ်ကစားသမားဆုရရှိခဲ့တဲ့ ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘင်ဖီကာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့်လည်း အာဂျင်တီးနားအသင်းကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲအောင် ကူညီပေးပြီး ကမ္ဘာပေါ်က စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာကို အားလုံးသိအောင် ပြသခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဒန်နီ မာဖီက အန်ဇို ဖာနန်ဒက်ဇ်ဟာ ကစားသမားကောင်းလို့ ယုံကြည်ပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကာစီမီရိုနဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီတို့နဲ့ တူညီတဲ့အဆင့်အတန်းမှာ မရှိတဲ့အတွက် ပေါင်သန်း ၁၀၀ ပေးရတာ မတန်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ချဲလ်ဆီးက ကစားသမားတွေကို ဈေးပိုပေးပြီး ဝယ်နေပါတယ်။ သူတို့ရဲ့ ပထမပွဲထွက် ၁၁ ဦးထဲက ကစားသမားအများစုက မန်စီးတီးအသင်း ခြေဖျားတောင် မီတယ်လို့ မထင်ပါဘူး။ ကျွန်တော် အန်ဇို ဖာနန်ဒက်ဇ်ကစားတာကို တိုက်ရိုက်ကြည့်ရှုခဲ့ပြီး သူက တော်တော်လေးကောင်းပါတယ်။ ဒါပေမယ့် သူက ပေါင်သန်း ၁၀၀ မတန်ပါဘူး။ သူတို့တွေ လုံးဝကို ဈေးကြီးပေးခဲ့တာပါ"
"သူက ကွင်းလယ်ကစားသမားကောင်းပါ။ သူက လျင်မြန်ပါတယ်။ သူက ငယ်ရွယ်တယ်။ သူက ဘောလုံးကောင်းကောင်း ကိုင်ကစားနိုင်ပြီး သတ္တိကောင်းတယ်။ ဒါပေမယ့် သူက ကာစီမီရိုမဟုတ်ဘူး။ သူက ရိုဒရီမဟုတ်ဘူး။ သူတို့တွေက ကစားသမားတွေကို ခေါ်ဖို့ အလွန်အကျွံငွေကြေးသုံးစွဲနေတယ်။ ကလပ်အသင်းတွေက ချဲလ်ဆီးရောက်လာတာကို မြင်တာနဲ့ ရှိသင့်တဲ့ဈေးထက် အဆမတန် တင်ကြတော့တာပဲ"လို့ ပြောကြားခဲ့ပါတယ်။