အာဖရိကတိုက်ရဲ့ ဒစ်ဂျစ်တယ်ကူးပြောင်းရေးကို ထောက်ပံ့ပေးသွားမှာပါ။

ဈေးသက်သာပြီး မြန်ဆန်တဲ့ အင်တာနက်ဝန်ဆောင်မှုသုံးနိုင်ရေးအတွက် အာဖရိကမှာ ငါးနှစ်အတွင်း ဒေါ်လာ ၁ ဘီလျံရင်းနှီးမြှပ်နှံသွားမယ်လို့ Google က ကြေညာပါတယ်။

           ပထမဆုံးအကြိမ် ကျင်းပတဲ့ Google for Africa ပွဲမှာ Search Giant လုပ်ငန်းကြီးဖြစ်တဲ့ Google အနေနဲ့ ကြေညာခဲ့တာပါ။ ဒီအစီအစဉ်ဟာ အာဖရိကတိုက်မှာ အင်တာနက်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာရေးနဲ့ startups လုပ်ငန်းတွေကို ပံ့ပိုးရေးကို ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။ Google ရဲ့ Africa Investment Fund ဟာ အာဖရိကတိုက်ရဲ့ ဒစ်ဂျစ်တယ်ကူးပြောင်းရေးကို ထောက်ပံ့ပေးသွားမှာပါ။




Photo: theaustralian


           Google ရံပုံငွေအစီစအဉ်မှာ မြန်ဆန်တဲ့ အင်တာနက်အသုံးပြုနိုင်ရေးအတွက် အာဖရိကတိုက်အတွင်း ပင်လယ်ရေအောက်ကေဘယ်ကြိုး ဆွဲခြင်း ၊ အသေးစားလုပ်ငန်းတွေအတွက် အတိုးနှုန်းနည်းပါးတဲ့ချေးငွေ ချထားခြင်း ၊ အာဖရိက Startups တွေမှာ ရင်းနှီးမြှပ်နှံမှု ထည့်ဝင်ခြင်း ၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းပို့ချခြင်း စတဲ့ အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ Tech Crunch သတင်းက ဆိုပါတယ်။

           "အရင် ပြီးခဲ့တဲ့ဆယ်စုနှစ်ကတည်းက အတူတူပူးပေါင်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဖရိကန်တိုင်း ကုန်ကျစရိတ်သက်သာတဲ့ အင်တာနက်အလွယ်တကူအသုံးပြုနိုင်ရေးအတွက် ဆက်လုပ်စရာတွေ ရှိနေပါတယ်။ ဒီနေ့တော့ အာဖရိကရဲ့ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု ထောက်ပံ့ဖို့ ၅ နှစ်ကျော်အတွင်း ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှပ်နှံဖို့ ကျွန်တော်တို့ရဲ့ ကတိကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။ ဒီအစီအစဉ်က အင်တာနက်ချိတ်ဆက်မှု ပိုကောင်းမွန်ဖို့ကနေ Startups တွေအတွက် ရင်းနှီးမြှပ်နှံဖို့အထိ လုပ်စရာအများကြီး ပါဝင်မှာ ဖြစ်ပါတယ်။ " လို့ Google နဲ့ Alphabet CEO ဆွန်ဒါ ပီချိုင်းက ပြောပါတယ်။

           Google ရဲ့ ရင်းနှီးမြှပ်နှံရေး စီမံကိန်းဟာ အာဖရိကတိုက်တလွှားမှာရှိတဲ့ နိုင်ဂျီးရီးယား ၊ ကင်ညာ ၊ ယူဂန်ဒါနဲ့ ဂါနာအပါအဝင် နိုင်ငံတွေမှာ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ပင်လယ်ရေအောက် ကေဘယ်ကတော့ တောင်အာဖရိက ၊ နမီးဘီးယား ၊ နိုင်ဂျီးရီးယားနဲ့ စိန့်ဟယ်လင်နာတို့ကို ဖြတ်ပြီး အာဖရိကနဲ့ ဥရောပကို ချိတ်ဆက်သွားမှာပါ။ ဒီအင်တာနက်ချိတ်ဆက်ရေးအစီအစဉ်ဟာ အာဖရိကမှာ နောက်ဆုံးတည်ဆောက်ခဲ့တဲ့ ကေဘယ်ဆက်ကြောင်းထက် ကွန်ရက်ဖြန့်ကြက်နိုင်နှုန်း အဆ ၂၀ ကျော် ပိုပြီး ကျယ်ပြန့်လာမယ်လို့လည်း အာဖရိကမှ Google မန်နေဂျင်းဒါရိုက်တာ နီတင် ဂက်ဂျ်ရီးယားက ဆိုပါတယ်။


Photo: techcabal


           " နိုင်ဂျီးရီးယားမှာ အင်တာနက် Speed ပိုတိုးလာပြီး အင်တာနက်ဈေးနှုန်းလည်း ၂၁% ပိုသက်သာလာပါလိမ့်မယ်။ တောင်အာဖရိကမှာဆို သုံးဆပေါ့"လို့ ဂက်ဂျ်ရီးယားက ပြောပါတယ်။ "သုတေသနတွေအရ Broadband ထိုးဖောက်မှု ၁၀% တက်လာတိုင်း GDP က ၁.၄% မြင့်တက်လာပါတယ်။ နောက် ၅ နှစ်ဆို အာဖရိကန်သန်း ၃၀၀ ဟာ ပထမဆုံးအကြိမ် အွန်လိုင်းပေါ် ရောက်လာပါလိမ့်မယ်။"

           အင်တာနက်ရတဲ့နောက် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေလည်း ဖန်တီးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လာမယ့် ၂၀၂၅ အရောက်မှာ ဒစ်ဂျစ်တယ်စီးပွားရေးတိုးတက်လာမှုကြောင့် နိုင်ဂျီးရီးယားနဲ့ တောင်အာဖရိကတို့မှာ အလုပ်အကိုင် ၁.၇ သန်းခန့် ဖော်ဆောင်နိုင်ဖို့လည်း ခန့်မှန်းထားပါတယ်။

Share

Loading Next Article...
က္က