ယူနိုက်တက်ဂိုးသမား အိုနာနာဟာ လာမယ့် ဇန်နဝါရီလမှာ ကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် ကစားမှာဖြစ်ကြောင်း သိရှိရပါတယ်။ မနေ့က ထုတ်ပြန်လိုက်တဲ့ ကင်မရွန်းရဲ့ အာဖရိကဖလားပြိုင်ပွဲဝင်မယ့် ကစားသမားစာရင်းမှာ အိုနာနာ ပါဝင်လာခဲ့တာပါ။
အိုနာနာဟာ အသင်းနည်းပြ ဆောင်း၊ ဥက္ကဌ အီတူးတို့နဲ့ ပြဿနာတက်ခဲ့တဲ့နောက် လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာလည်း သူကိုယ်တိုင်က လက်ရွေးစင်အသင်းကနေ အနားယူဖို့ ပြင်ဆင်ခဲ့ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလမှာတော့ ကင်မရွန်းအတွက် အံ့အားသင့်ဖွယ် ပြန်လည်ကစားပေးခဲ့ပါတယ်။ ဒီလိုမျိုး ပြန်ကစားပေးခဲ့သည့်တိုင် အာဖရိကဖလားပြိုင်ပွဲမှာ အိုနာနာ ပါဝင်ကစားဖို့ အရေးက မရေမရာဖြစ်ခဲ့ပါတယ်။
အခုချိန်မှာတော့ ကင်မရွန်းရဲ့ တရားဝင်လူစာရင်းမှာ ပါဝင်လာပြီဖြစ်တာကြောင့် အိုနာနာက ယူနိုက်တက်ရဲ့ ပွဲစဉ်အချို့ကို လွဲချော်သွားတော့မှာပါ။ အိုနာနာဟာ ယူနိုက်တက်ရဲ့ ပွဲစဉ် (၆) ပွဲအထိကို လွဲချော်နိုင်ပြီး သူ့နေရာမှာတော့ အရန်ဂိုးသမား ဘာယင်ဒါက အစားထိုး ဝင်ရောက် ကစားမှာ ဖြစ်ပါတယ်။
အိုနာနာဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ကစားပေးရင်း အမှားအယွင်းများစွာ ကျူးလွန်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂိုးသမားပါ။ ဒါပေမယ့်လည်း နည်းပြတန်ဟက်ခ်က သူ့ကို ယုံယုံကြည်ကြည်နဲ့ပဲ အသင်းရဲ့ နံပါတ် (၁) ဂိုးသမားအဖြစ် သတ်မှတ်ထားဆဲဖြစ်ပါတယ်။