ချဲလ်ဆီးအသင်းဟာ အာဆင်နယ်အသင်းက ဂျော်ဂျင်ညိုကို မြောက်လန်ဒန်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့တာကြောင့် အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ ကွင်းလယ်ကြယ်ပွင့်ကိုရောင်းထုတ်သွားချင်နေတယ်လို့ သိရပါတယ်။
အာတီတာဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ပိတ်မယ့် အင်္ဂါနေ့ညမတိုင်ခင် ကွင်းလယ်ကစားသမားသစ် ခေါ်ယူချင်နေတာဖြစ်ပေမယ့်လည်း အာဆင်နယ်ဟာ ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ မွိုက်စ် ကိုင်ဆေဒိုကို ခေါ်ယူနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းက အီကွေဒေါကွင်းလယ်ကြယ်ပွင့်အတွက် အာဆင်နယ်ဆီက ကမ်းလှမ်းမှု ၂ ခုကို ငြင်းပယ်ခဲ့တာကြောင့် ဂန်းနားတွေဟာ ကိုင်ဆေဒိုကို ခေါ်ယူမယ့်ကိစ္စကို လက်လျှော့တော့မယ့်ပုံပေါ်လာပြီဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်ဟာ ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ ဆက်လက်ကြိုးပမ်းဦးမှာဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ညိုကို ခေါ်ယူဖို့ အာရုံပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ အီတလီကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ညိုဟာ ၂၀၁၈ ခုနှစ်မှာ နာပိုလီကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီးကတည်းက ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားပေးခဲ့ပြီး ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ဖလားတွေကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂျော်ဂျင်ညိုဟာ ချဲလ်ဆီးအသင်းမှာ အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပေမယ့်လည်း အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တာကြောင့် အနောက်လန်ဒန်ကလပ်အသင်းဟာ စာချုပ်သစ် ကမ်းလှမ်းဖို့ တွန့်ဆုတ်နေတာဖြစ်ပြီး လက်ရှိ စာချုပ်ဟာ လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ချဲလ်ဆီးအသင်းဟာ ဂျော်ဂျင်ညိုကို နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာခွင့်ပြုရမယ့်အစား ယခုလမှာ ရောင်းထုတ်ပြီး ငွေကြေးတစ်စုံတရာ ပြန်လည်ရရှိချင်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။