ဂွါဒီယိုလာကတော့ ပွဲအပြီးမှာ ပြောကြားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ ကွန်မြူနတီဒိုင်းဗိုလ်လုပွဲမှာ အချိန်ပိုမိနစ်ပေါင်းများစွာ ပေးခဲ့တဲ့အပေါ် မန်စီးတီးနည်းပြ ဂွါဒီယိုလာက မေးခွန်းထုတ်ဝေဖန်လိုက်ပါတယ်။ ဒီပွဲမှာ မန်စီးတီးက လူငယ်ကြယ်ပွင့် ပါလ်မားရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံးမိနစ်မှ ချေပဂိုးပေးလိုက်ရတာပါ။



အာဆင်နယ်အတွက် ချေပဂိုးကို ထရော့ဆက်ဒ် သွင်းယူခဲ့တဲ့အချိန်က ပွဲကစားချိန်မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၁၁) မိနစ်မှာဖြစ်ပါတယ်။ အဲ့ဒီနောက် ပင်နယ်တီအဆုံးအဖြတ် ခံယူချိန်မှာတော့ အာဆင်နယ်က မန်စီးတီးကို ၄-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

အချိန်ပိုမိနစ်တွေကို သတ်မှတ်ပေးတဲ့နေရာမှာ စည်းမျဉ်းသစ်တွေအရ ပွဲတစ်ပွဲရဲ့ မိနစ်အစွန်းထွက်၊ အလိုအပိုတိုင်းကို ထည့်သွင်းတွက်ချက်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပြီးခဲ့တဲ့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာကတည်းက မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို မိနစ်ပေါင်းများစွာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီအပေါ်မှာ ဂွါဒီယိုလာကတော့ “ဒီလိုမျိုး အချိန်ပိုတွေ တိုးမြှင့်ပေးတာက စိတ်ပျက်စရာတော့ မဟုတ်ပေမယ့် ကျွန်တော်တို့ အသားကျအောင် ကြိုးစားရမှာပါ။ ကျွန်တော် ဒီအပေါ်မှာ ခံစားချက်ရှိပါတယ်။ ဒါက ကျွန်တော်တို့ တစ်ဂိုးဂိုးမရှိနဲ့ နိုင်နေခဲ့လို့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါမျိုး နာကျင်အချိန်ပိုကို (၈) မိနစ်လောက်အထိ ပေးတာက မဖြစ်လောက်ဘူးလို့ ထင်ခဲ့လို့ပါ”

“ဒါပေမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေအတွက်တော့ ဒါက မေးခွန်းကောင်းတစ်ခုဖြစ်ပါတယ်။ အားလုံးအတွက်ရောပေါ့။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီစည်းမျဉ်းအတွက် ကစားသမားတွေ၊ နည်းပြတွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ခြင်းမရှိပါဘူး။ သူတို့အမြင်ကို ကျွန်တော်တို့က လက်ခံပြီး လိုက်လုပ်ရတော့မှာပါ။ အခုဆိုရင် မိနစ် (၉၀) ပွဲက မိနစ် (၁၀၀) ဖြစ်တော့မှာပါ”


“တကယ်လို့ သူတို့သာ ဂိုးသွင်းတိုင်း အချိန်ပိုထည့်တွက်မယ်ဆိုရင် စက္ကန့် (၃၀)၊ (၄၅) စက္ကန့်တိုင်း တွက်မယ်၊ ပွဲရလဒ်ကလည်း ၄-၃ ဆိုလို့ကတော့ နောက်တစ်နေ့မနက် (၉) နာရီအထိ ကျွန်တော်တို့ ကန်ရင်ကန်နေရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က