ချဲလ်ဆီးတိုက်စစ်မှူး အူဘာမီးယန်းက အသင်းဟောင်းအာဆင်နယ်နည်းပြ အာတီတာအပေါ် ဝေဖန်ထားတဲ့ သူ့ရဲ့ဗီဒီယိုက ဘာစီလိုနာကို ရောက်ရောက်ချင်း ရိုက်ကူးထားခြင်းဖြစ်ကြောင်း ပြန်လည်ဖြေရှင်းလာပါတယ်။ အူဘာမီးယန်းဟာ အဆိုပါဗီဒီယိုထဲမှာ အာတီတာအနေနဲ့ နာမည်ကျော်ကစားသမားတွေကို ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် အာတီတာအတွက် ပြောသမျှ နားထောင်မယ့် လူငယ်ကစားသမားလေးတွေကိုသာ လိုအပ်ကြောင်း အူဘာမီးယန်းက ပြောဆိုခဲ့တာပါ။ ဒီမှတ်တမ်းတွေက မနေ့က မီဒီယာတွေကြားထဲမှာ ပျံ့နှံ့လာတဲ့နောက် အူဘာမီးယန်းက အခုလိုပဲ ဖြေရှင်းလာပါတယ်။ အူဘာမီးယန်းက “အဲ့ဒီဗီဒီယိုက ကျနော် ဘာစီလိုနာကို ရောက်ရောက်ချင်း ရိုက်ကူးထားတဲ့ ဗီဒီယိုတခုပါ”
“အဲ့ဒီအချိန်တုန်းက ကျနော့်အတွက် အာဆင်နယ်နဲ့ ပတ်သက်လို့ ဆိုးရွားတဲ့ ခံစားချက်တွေရှိနေဆဲပါပဲ။ ဒါပေမယ့် အခုတော့ အာဆင်နယ်က ဒီရာသီမှာ ပုံစံကောင်းပြသနေပြီး ကျနော့်အသင်းဖော်ဟောင်းတွေအတွက် အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးပါတယ်။ ဒါပေမယ့် နိုဝင်ဘာ (၆) ရက်နေ့အတွက်တော့ မဟုတ်ပါဘူး။ လောလောဆယ် အေစီမီလန်နဲ့ပွဲကို အာရုံစိုက်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာ လာမယ့် နိုဝင်ဘာ (၆) ရက်နေ့မှာ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဥ်အဖြစ် အာဆင်နယ်ကို ဧည့်ခံကစားရမှာပါ။ အဲ့ဒါကြောင့်လည်း အူဘာမီးယန်းက ဒီပွဲနဲ့ပတ်သက်လို့ပါ တပါတည်းနောက်ပြောင်ပြောကြားခဲ့တာဖြစ်ပါတယ်။ အူဘာမီးယန်းဟာ ပြီးခဲ့တဲ့ဆောင်းရာသီကမှ အာဆင်နယ်ကနေ ထွက်ခွာခဲ့တာပါ။
အာဆင်နယ်နဲ့လမ်းမခွဲခင် အူဘာမီးယန်းက နည်းပြ အာတီတာနဲ့ ပြဿနာတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ် အသိမ်းခံခဲ့ရသလို တယောက်တည်း လေ့ကျင့်ခန်းဆင်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းကာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီး (၂၀၂၂) နွေရာသီမှာတော့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။