အာဆင်နယ်နောက်ခံလူဇင်ချန်ကိုကတော့ ယူကရိန်းအသင်းဖော် မူဒရစ်နဲ့ ပတ်သက်ပြီး နောက်ပြောင်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လာမယ့်စနေနေ့မှာ ချယ်လ်ဆီး-အာဆင်နယ်ပွဲအတွက် ကစားပေးရတော့မှာဖြစ်ပြီး ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
မော်လ်တာနဲ့ ကစားခဲ့တဲ့ခြေစမ်းပွဲမှာ မူဒရစ်က ယူကရိန်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဆိုပါပွဲကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဇင်ချန်ကိုက အသင်းဖော်ရဲ့ သွင်းဂိုးအတွက် ပျော်ရွှင်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့ပွဲမှာ အဲဒီလိုမျိုး ဂိုးသွင်းမယ်ဆိုရင်တော့ မူဒရစ်ကို သူ ဘာလုပ်မယ်ဆိုတာ ပြောပြထားတယ်လို့ အရွှန်းဖောက်သွားခဲ့တာပါ။
"သူ ဂိုးသွင်းနိုင်ခဲ့လို့ ကျနော်ပျော်ရွှင်မိပါတယ်၊ ဒါပေမယ့် စနေနေ့ ကစားမယ့်ပွဲမှာသာ သူ ဒီလိုဂိုးသွင်းတာ၊ ဒါမှမဟုတ် dribbles တွေလုပ်ပြီး ကျနော်တို့အသင်း အခက်တွေ့အောင် လုပ်ခဲ့မယ်ဆိုရင် မင်း ဥနှစ်လုံးကို ဖြတ်ပစ်မယ်လို့ ကျနော်ပြောထားပါတယ်" လို့ ဇင်ချန်ကိုက ပြောဆိုခဲ့ပါတယ်။
ချယ်လ်ဆီး-အာဆင်နယ်ကတော့ လန်ဒန်ဒါဘီပွဲကစားရမှာပါ။ လက်ရှိမှာ အာဆင်နယ်က ခြေစွမ်းကောင်းနေသလို ချယ်လ်ဆီးကလည်း နိုင်ပွဲတွေ ဆက်တိုက်ပြန်ရနေလို့ အကြိတ်အနယ်ပွဲကြီးပွဲကောင်းဖြစ်လာမှာ သေချာပါတယ်။ မူဒရစ်ကလည်း ချယ်လ်ဆီးအတွက် ခြေစွမ်းပြနေပြီး သွင်းဂိုးလည်း စတင်ရရှိသွားပြီဖြစ်ပါတယ်။