အာဆင်နယ်ဟာ ပြည်သူတွေရဲ့ ချန်ပီယံဖြစ်ပြီး နိုင်ငံအများစုက သူတို့အသင်းကို ဗိုလ်စွဲစေချင်နေတယ်လို့ အာဆင်နယ်နည်းပြအာတီတာက ပြောဆိုလိုက်ပါတယ်။ အက်စတွန်ဗီလာနဲ့ ကစားရမယ့် ဒီနေ့ပွဲစဉ်မတိုင်ခင်မှာ ပြောဆိုခဲ့တာဖြစ်ပြီး သူတို့ကို လူအများအပြားက အားပေးနေတယ်လို့လည်း ယုံကြည်ကြောင်း ဂန်းနားတို့ရဲ့ ပဲ့ကိုင်ရှင်ကြီးက ယုံကြည်နေပါတယ်။
"ကျနော်တို့ကို လူတွေက ချန်ပီယံဖြစ်စေချင်နေပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့အတွက် စာနာမှုတွေအများကြီးရှိနေတာ၊ ကစားသမားတွေနဲ့ ကျနော်တို့ ကြိုးစားအားထုတ်ခဲ့တဲ့ပုံစံတွေကြောင့်ပါ၊ ဒါပေမယ့် ကျနော်တို့က ဘယ်တုန်းကမှ ရေပန်းစားတဲ့ အသင်းမဟုတ်ခဲ့ပါဘူး၊ ဒါကတော့ မပြောင်းလဲလို့ ကျနော်ထင်ပါတယ်"
"မန်ချက်စတာစီးတီးက ရာသီစကတည်းက ရေပန်းအစားဆုံးအသင်းဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာလည်း သူတို့က ဒီလိုနေရာကို ရယူထားနိုင်ခဲ့ပါတယ်၊ ရာသီမတိုင်ခင်မှာ ခင်ဗျားက အသင်းတသင်းအတွက် အိမ်ကိုပါလောင်းကြေးထပ်မယ်ဆိုရင် အများစုက ကျနော်တို့အတွက် သူတို့ ပိုက်ဆံတွေကို လောင်းကြေးထပ်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော်တို့ လုပ်ပြခဲ့တာတွေကို မြင်ရတဲ့အချိန်မှာ အောင်မြင်စေချင်ကြပါတယ်" လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ကတော့ ရာသီစတင်ကတည်းက တောက်လျှောက်ခြေစွမ်းပြခဲ့ပြီး အမှတ်ပေးဇယားကိုလည်း လပေါင်းများစွာ ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၁ မှတ်သာ ရရှိခဲ့ပြီးနောက် မန်စီးတီးနဲ့ အမှတ်တူအနေအထားကို ရောက်လာခဲ့ပြီး တပွဲကစားဖို့ ကျန်နေသေးတာကြောင့်သာ အနည်းငယ်စိတ်သက်သာရာ ရခဲ့တာပါ။
ပြီးခဲ့တဲ့ကြားရက်မှာ မန်စီးတီးနဲ့ ကစားခဲ့ရပေမယ့် စနေနေ့မှာ နောက်တပွဲထပ်ကစားရတဲ့အပေါ်ကိုလည်း အာတီတာက မကျေမနပ်ဖြစ်နေပါတယ်။ "ဗုဒ္ဓဟူးနေ့ညမှာ ကစားပြီး စနေနေ့ နေ့လည်မှာ ခင်ဗျား မကစားနိုင်ပါဘူး၊ ဒါက ဘယ်လိုပြိုင်ပွဲမှာမဆိုဖြစ်သင့်ပါတယ်၊ ဒါကို မန်နေဂျာအစည်းအဝေးမှာ ကျနော်တို့ ဆွေးနွေးသွားဦးမှာပါ" လို့ သူက ထပ်ပြောခဲ့ပါတယ်။