အာဆင်နယ်ရဲ့ အဓိကနောက်ခံလူ တိုမီယာဆုက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ဘာကြောင့်မငြင်းနိုင်ခဲ့ဘူးဆိုတဲ့အကြောင်းရင်းကို ထုတ်ဖော်ပြောကြားလာပါတယ်။
တိုမီယာဆုဟာ နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှ အီတလီစီးရီးအေကလပ် ဘိုလော့ဂ်နာကနေ အာဆင်နယ်ကို ပြောင်းရွှေ့ကြေးပေါင် (၁၆) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ တိုမီယာဆုဟာ အချိန်တိုအတွင်း အာဆင်နယ်ခံစစ်မှာ အသားကျခဲ့ပြီး အသင်းရဲ့ အဓိကဗဟိုနောက်ခံလူတစ်ယောက်လည်းဖြစ်လာခဲ့ပါတယ်။
“ပိုပြီး မြင့်မားတဲ့ အဆင့်တစ်ခုမှာ ကစားချင်တဲ့ ကျွန်တော့်အတွက် အာဆင်နယ်က ဒီအခွ်င့အရေးကို ပေးနိုင်ခဲ့ပါတယ်။ ယုံတောင်မယုံနိုင်ခဲ့ပါဘူး။ အာဆင်နယ်က ကျွန်တော့်ကို ခေါ်ချင်တယ်ဆိုတာကို သိတဲ့အချိန်မှာ အကြံဥာဏ်တောင်းဖို့အတွက်ဆိုပြီး ဘယ်သူ့ကိုမှ ဖုန်းခေါ်စရာမလို၊ စကားပြောစရာမလိုခဲ့ပါဘူး”
တိုမီယာဆုကို နည်းပြအာတီတာက ညာခြမ်းခံစစ်မှာ အသုံးပြုဖို့ ရည်ရွယ်ထားပြီး ဒီကစားသမားကတော့ ဗဟိုခံစစ်နေရာမှာလည်း ကစားနိုင်ပါတယ်။ စပါးကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဥ်မှာ တိုမီယာဆုက စပါးတိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ပြီး ပွဲချိန်အတွင်း အာဆင်နယ်ကစားသမားတွေထဲမှာ ဘောလုံးထိချက်အများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ထူးခြားတဲ့မှတ်တမ်းကောင်းတစ်ခုအနေနဲ့ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ တိုမီယာဆုကို တစ်ဦးချင်းဖြတ်ကျော်နိုင်တဲ့ ကစားသမားတစ်ယောက်မှမရှိသေးဘူးလို့လည်း သိရှိရပါတယ်။