ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ဘရန့်ဖို့ဒ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ဒကလန်ရိုက်စ်က သွင်းယူပေးခဲ့ပေမယ့် ပထမပိုင်း နာကျင်အချိန်ပိုမှာ ဂိုးသမား ရမ်စ်ဒေးလ်ရဲ့ အမှားကတစ်ဆင့် ရော်နယ်ဝစ်ဆာက ဘရန့်ဖို့ဒ်အတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် (၈၆) မိနစ်မှာတော့ ဟာဗက်ဇ်က အာဆင်နယ်အတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒီလိုမျိုး အာဆင်နယ်အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဟာဗက်ဇ်က ဒီဂိုးမတိုင်ခင်မှာပဲ အထုတ်ခံရသင့်တယ်လို့ ဘရန့်ဖို့ဒ်နည်းပြက ယုံကြည်နေပါတယ်။ ပထမပိုင်းမှာ အဝါကတ်ထိထားပြီးသား ဟာဗက်ဇ်ဟာ နောက်ထပ်တစ်ကြိမ်မှာလည်း ပြိုင်ဘက် ပင်နယ်တီဧရိယာအတွင်း ဒိုင်ဗင်ထိုးခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ ဘရန့်ဖို့ဒ်တို့ ပင်နယ်တီမပေးခဲ့ရပေမယ့် ဟာဗက်ဇ်ကိုတော့ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်သင့်တယ်လို့ ဖရန့်ခ်က ယုံကြည်နေပါတယ်။ ပွဲအပြီးမှာလည်း “ဟာဗက်ဇ်က ဂိုးသွင်းတဲ့အချိန်အထိ ကွင်းထဲမှာ ရှိနေသင့်တယ်လို့ ကျွန်တော် တကယ်မထင်ပါဘူး။ ကျွန်တော့်အတွက်တော့ သူက လုံးဝကို ရှင်းရှင်းလင်းလင်းကြီး ဒိုင်ဗင်ထိုးခဲ့တာပါ”
“ခင်ဗျား ဒါကို အနှေးပြကွက်နဲ့ ပြန်ကြည့်လိုက်ရင် ဒိုင်ဗင်ထိုးတယ်ဆိုတာ ရှင်းလင်းပြတ်သားပါတယ်။ ဒိုင်လူကြီးအတွက်တော့ ဒါကို မြင်ဖို့ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် စည်းကြပ်ဒိုင်ကတော့ ဒါကို ဒုတိယအဝါကတ်အဖြစ် မြင်ကောင်းမြင်နိုင်သင့်ပါတယ်” လို့ သောမတ်စ်ဖရန့်ခ်က ပြောကြားသွားခဲ့ပါတယ်။