မန်စီးတီးကတော့ အဝေးကွင်း နောက်ဆုံးနှစ်ပွဲဆက်တိုက် သရေနဲ့ ကျေနပ်ခဲ့ရတာပါ။

မန်စီးတီးက ချန်ပီယံလိဂ်ရှိနေပေမယ့် ပရီးမီးယားလိဂ်မှာလည်း အမှားခံလို့မရတာကြောင့် လူစုံတက်စုံပဲ ပွဲထွက်ခဲ့ပါတယ်။ ဒီယက်စ်နဲ့စတုန်းစ် နောက်တန်းမှာ တွဲခဲ့သလို ဘာနာဒိုဆေးလ်ဗား၊ ဖိုဒန်တို့က တောင်ပံတွေမှာ ဟာလန်းကို ဝန်းရံခဲ့ပါတယ်။ ဗီလာကလည်း ကော်တင်ဟိုကို အရံခုံမှာပဲထားခဲ့ပြီး ကျန်တဲ့နေရာတွေမှာတလည်း အများကြီး အပြောင်းအလဲမရှိခဲ့ပါဘူး။



မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာတော့ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ ဦးဆောင်ဂိုးစရခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းတို့ရဲ့ အတွဲအဖက်ကတဆင့် ဒီဘရိုင်း လှလှပပဖြတ်တင်ပေးလိုက်တာကို ဟာလန်းက ချိန်သားကိုက်ပဲ လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့တာပါ။


အဲ့ဒီနောက်မှာလည်း မန်စီးတီးတို့ ဆက်တိုက်ဖိကစားခဲ့ပြီး ဒီဘရိုင်းရဲ့ ဖရီးကစ် ဘားတန်းထိထွက်ခဲ့တာ၊ ဟာလန်းရဲ့ ကန်ချက်တွေကို မာတီနက်ဇ် ကာကွယ်နိုင်ခဲ့တာတို့ကြောင့် မန်စီးတီးတို့ ပွဲကို အပြတ်မဖြတ်နိုင်ခဲ့ပါဘူး။ ရိုဒရီရဲ့ အားနည်းချက်ကတဆင့် မန်စီးတီးတို့ ဂိုးပေးရမလိုတွေဖြစ်ခဲ့ပေမယ့် နောက်တန်းနဲ့ဂိုးသမား အီဒါဆန်တို့ အချိန်မှီကာကွယ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒါက အတိုင်းအတာတခုအထိသာဖြစ်ခဲ့ပြီး ရိုဒရီဖျက်ထုတ်လိုက်တဲ့ ဘောလုံးက ဗီလာဆီ ရောက်သွားပြီး ဂျာကော့ဘ်ရမ်ဆေး ဂိုးရှေ့ဖြတ်ချိုးပေးလိုက်တာကို လီယွန်ဘိုင်လီက ဘယ်ခြေနဲ့ အပြင်းကန်သွင်းပြီး ဗီလာတို့ ချေပဂိုးရရှိကာ တဂိုးစီသရေနဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ မန်စီးတီးရဲ့ ဒီပွဲကစားပုံက ပုံမှန်အတိုင်းပဲ ကောင်းမွန်ခဲ့ပြီးသားပါ။ ဒါပေမယ့် တိုက်စစ်က အခွင့်အရေးရချိန်မှာ အဆုံးမသတ်နိုင်ခဲ့တာ၊ ဗီလာရဲ့ရုန်းအားကြောင့် ကွင်းလယ်နဲ့ခံစစ်တန်းအကြား အမှားတွေရှိချိန်မှာတော့ ပေးဆပ်မှုကြီးမားသွားခဲ့တာပါ။

မန်စီးတီးတို့ ဒီပွဲရလဒ်ကြောင့် စပါးနဲ့အမှတ်တူသွားခဲ့ပြီး မနက်ဖြန် အာဆင်နယ်နဲ့ယူနိုက်တက်ပွဲမှာသာ အာဆင်နယ်တို့ အနိုင်ရရှိခဲ့ရင် အမှတ်ပေးဇယားကို (၄) မှတ်အသာနဲ့ ဦးဆောင်သွားနိုင်တော့မှာပါ။ မန်စီးတီးကတော့ အဝေးကွင်း နောက်ဆုံးနှစ်ပွဲဆက်တိုက် သရေကျခဲ့တာဖြစ်ပြီး ဒီရာသီ အဝေးကွင်း (၃) ပွဲ ကစားပြီးချိန်မှာ တပွဲသာ အနိုင်ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က