နယ်သာလန်ဂန္တဝင်ကစားသမားဟောင်းကြီး ဗန်ဘက်စတန်က အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းထွက်ပေါ်နေတဲ့ အေဂျက်စ်နောက်ခံလူ တင်ဘာစ်အနေနဲ့ အသင်းမှာပဲ နောက်ထပ်တစ်နှစ် ဆက်နေသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အဆိုပါ ကစားသမားကို ခေါ်ယူဖို့အတွက် အာဆင်နယ်တို့ သေချာသလောက် ရှိနေပါပြီ။
အာဆင်နယ်ဟာ လက်ရှိနွေရာသီမှာ ခြေလှမ်းသွက်သွက်နဲ့ လှုပ်ရှားနေပြီး ချဲလ်ဆီး တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်၊ ဝက်စ်ဟမ်းကွင်းလယ်လူ ဒကလန်ရိုက်စ်တို့ကိုလည်း ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နောက်တန်းကို အားဖြည့်ဖို့ တင်ဘာစ်ကို ထပ်မံ ခေါ်ယူသွားမှာပါ။
ဒါပေမယ့်လည်း ဗန်ဘက်စတန်ကတော့ “တင်ဘာစ်အနေနဲ့ ကိုယ့်အတွက် ပွဲကစားခွင့်သေချာပေါက်ရမယ့် အသင်းကိုပဲ သွားရမှာပါ။ အခု အေဂျက်စ်မှာက ကစားခွင့်ရသလို ကိုယ်ကလည်း အဆုံးအဖြတ် ကစားသမားဖြစ်နေပါတယ်။ မင်း ကိုယ့်ကိုယ်ကိုယ် အာမခံချက်ပေးနိုင်ရပါမယ်။ မင်းရဲ့ ပြင်ပနေထိုင်မှုဘဝမှာလည်း တည်ငြိမ်ဖို့ လိုအပ်ပါသေးတယ်”
“ငါ ပြောချင်တာက မင်းဘယ်အသင်းကိုပဲ သွားသွား၊ အဝတ်လဲခန်းထဲရောက်တာနဲ့ သူတို့က မင်းကို စောင့်ကြည့်မယ့် မျက်လုံးတွေနဲ့ ကြည့်တာ။ သူတို့က မင်းရောက်လာလို့ ပိုကောင်းသွားမယ်လို့ ချက်ချင်း ခံစားကြမှာ မဟုတ်ဘူး။ ပြီးရင် မင်းကို ဆန့်ကျင်မယ့်သူတွေရှိမယ်။ ဘာလို့လဲဆိုတော့ မင်းက လူသစ်ဖြစ်နေလို့လေ။ မင်း ဒါတွေကို တစ်ယောက်တည်း ရင်ဆိုင်ရမှာ”
“မင်းကို တကယ် အကြံပေးချင်တာကတော့ နောက်ထပ်တစ်နှစ်လောက် နယ်သာလန်မှာ အတွေ့အကြုံ ထပ်ယူဖို့ပဲ။ အဲ့ဒါမှ ထပ်ပြီး ခြေစွမ်းပြနိုင်တယ်ဆိုရင် မင်း သွားသင့်တယ်။ ဒီလိုမှမဟုတ်ဘဲ ရုန်းကန်ရတယ်ဆိုရင်တော့ နောက်ထပ်တစ်နှစ် ဆက်နေဦးပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ တင်ဘာစ်ဟာ ပြီးခဲ့တဲ့နွေကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပြီး အဲ့ဒီအချိန်က နယ်သာလန်နည်းပြ ဗန်ဟားလ်က တင်ဘာစ်ကို ယူနိုက်တက်ပြောင်းပြီး ပုံမှန်ပွဲထွက်ခွင့်မရရင် လက်ရွေးစင်မှာ မရွေးဘူးလို့ ပြောဆိုခဲ့တာကြောင့် တင်ဘာစ်က အေဂျက်စ်မှာပဲ ဆက်နေခဲ့ရတာပါ။