ပြင်ဆင်ချိန်ကောင်းကောင်းမရခဲ့ဘူးလို့ ရွန်းနီက ပြောကြားခဲ့တာပါ။

မေဂျာလိဂ်ကြယ်ပွင့်အသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ရွန်းနီဟာ အာဆင်နယ်ကို ငါးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးတဲ့နောက် ပွဲအပြီး အင်တာဗျူးမှာ ပရိသတ်တွေအကြား ရေပန်းစားအောင် လုပ်ပြသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံကို ရောက်ရှိနေတာပါ။



မနေ့က မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မေဂျာလိဂ်ကြယ်စင်စုအသင်းတို့ပွဲမှာ အာဆင်နယ်က ကစားသမားသစ် ကိုင်ဟာဗက်ဇ်ရဲ့ သွင်းဂိုးတစ်ဂိုးအပါအဝင် ငါးဂိုးပြတ်နဲ့ ရွန်းနီတာဝန်ယူခဲ့တဲ့အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်အတွက် ဂျေးဆု၊ ထရော့ဆက်ဒ်၊ ဂျော်ဂျင်ဟို၊ မာတီနယ်လီ၊ ကိုင်ဟာဗက်ဇ်တို့က ဂိုးတွေ ကိုယ်စီသွင်းယူပေးခဲ့တာပါ။

ဒါ့အပြင် အာဆင်နယ်ရဲ့ နောက်ထပ်ကစားသမားသစ်တွေဖြစ်တဲ့ ဒကလန်ရိုက်စ်၊ တင်ဘာတို့လည်း အခုပွဲမှာ ပါဝင်ကစားပေးခဲ့ကြပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ မီဒီယာတွေက အာဆင်နယ်နဲ့ပွဲအတွက် မေဂျာလိဂ်အသင်းရဲ့ ပြင်ဆင်မှုအကြောင်းကို မေးမြန်းခဲ့ရာမှာတော့ ရွန်းနီက ဒေါသထွက်တဲ့ပုံစံနဲ့ ပြောကြားသွားခဲ့ပါတယ်။

ရွန်းနီက “ဒီပွဲအတွက် ကျွန်တော် ဘာရခဲ့လဲဆိုရင် ဘာမှကို လုံးလုံးမရခဲ့တာပါ။ ကစားသမားတွေကလည်း တနင်္လာနေ့မှ ရောက်လာပါတယ်။ နောက်တစ်နေ့မှာ နှစ်ဖက်ခွဲပြီး ပွဲငယ်တစ်ပွဲ ကစားဖို့ ကျွန်တော် အကြံပေးခဲ့ပါတယ်။ နောက်ပြီး National Mall မှာ လေ့ကျင့်ခန်းမဆင်းစေချင်ခဲ့ပါဘူး။ ဒါပေမယ့် အဲ့ဒီနေရာမှာပဲ ဆင်းခဲ့ရပါတယ်”

“ဘာမဟာဗျူဟာမှလည်း မချမှတ်ခဲ့ရဘဲ ကစားသမားတွေကို ကွင်းထဲလွှတ်ပြီး သူတို့ အဆင်ပြေသလို ပုံဖော်ကစားစေခဲ့ရတာပါ။ ဒါပေမယ့် အာဆင်နယ်လိုမျိုး ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းကို ရင်ဆိုင်ရတာက အရမ်းကို ခက်ခဲပါတယ်။ အရည်အသွေးပိုင်းအရ ကွာဟချက်ရှိတာကို ခင်ဗျားတို့လည်း မြင်မှာပါ” လို့ ဒေါသသံနဲ့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က