စပို့တင်း လစ္စဘွန်းနည်းပြ ရူဘင် အမိုရင်ဟာ ၎င်းနဲ့ ဟိုဆေး မော်ရင်ညိုတို့ကို နှိုင်းယှဉ်မှုတွေကို ငြင်းပယ်ခဲ့ပေမယ့်လည်း ရိုးမားနည်းပြက ကြာသပတေးနေ့ညက အာဆင်နယ်ကို အနိုင်ရခဲ့တဲပွဲအပြီးမှာ စာတိုပေးပို့ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
စပို့တင်း လစ္စဘွန်းဟာ ပထမအကျော့ အိမ်ကွင်းမှာ ဂန်းနားတွေနဲ့ ၂-၂ သရေကျခဲ့ပြီးနောက် ကြာသပတေးနေ့ညမှာ အမ်းမရိတ်စ်ကို လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အချိန်ပိုအထိ ၁-၁ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဂျူဗင်တပ်၊ မန်ချက်စတာယူနိုက်တက်နဲ့ မော်ရင်ညိုရဲ့ ရိုးမားတို့လို အသင်းတွေက စပို့တင်းလစ္စဘွန်းကို ကွာတားဖိုင်နယ်မှာ စောင့်ဆိုင်းနေတာဖြစ်ပြီး အမိုရင်က ပေါ်တူဂီဂန္တဝင်နည်းပြဆီကနေ ရရှိခဲ့တဲ့ စာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မော်ရင်ညိုနဲ့ နှိုင်းယှဉ်မှုတွေနဲ့ပတ်သက်ပြီး အမိုရင်က “မော်ရင်ညိုအသစ်လား။ မော်ရင်ညိုအသစ်ရှိလာမှာမဟုတ်ပါဘူး။ မော်ရင်ညိုက သူမတူတဲ့သူပါ။ သူက ကျွန်တော့်ကိုတောင် ‘မော်ရင်ညို အဟောင်းရော အသစ်ပါ ပြိုင်ပွဲထဲမှာ ရှိနေသေးတယ်။ နောက်အဆင့်မှာ မင်းနဲ့ တွေ့မယ်’ဆိုပြီး စာတိုပို့ခဲ့ပြီးပါပြီ။ ဒါပေမယ့် နောက်ထပ် မော်ရင်ညိုဆိုတာ ရှိလာမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။