ပရီးမီးယားလိဂ်ချန်ပီယံလုပွဲကတော့ အကြိတ်အနယ်ရှိနေဆဲပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူတို့အနေနဲ့ မနေ့ညက အာဆင်နယ်ကို စပါးကွင်းမှာ ရှုံးနိမ့်စေချင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အသင်းအနေနဲ့လည်း လက်ကျန်လေးပွဲမှာ တစ်ပွဲမှ သရေကျလို့ မရကြောင်း ပြောကြားခဲ့သေးတာပါ။



မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ မန်စီးတီးပွဲမှာ မန်စီးတီးက ၀-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း တစ်ပွဲလျော့အနေအထားနဲ့ ပထမနေရာက အာဆင်နယ်ကို တစ်မှတ်အကွာနဲ့ ဖိအားပေးထားနိုင်ပါတယ်။

လက်ရှိအနေအထားအရ အာဆင်နယ်က (၃) ပွဲကျန်၊ မန်စီးတီးက (၄) ပွဲကျန် အနေအထားမှာရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ ဂွါဒီယိုလာက “နောက်ထပ် ရက်သတ္တပတ်တစ်ပတ်စာအတွက် ကျွန်တော်တို့လက်ထဲမှာ ထိန်းချုပ်ခွင့် ထပ်ရခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာလည်း ဒါအကုန်ပါပဲ”

“ဒါမျိုးက အတိတ်မှာ လီဗာပူးနဲ့ ချန်ပီယံလုခဲ့ရတုန်းကနဲ့ ပုံစံတူပါတယ်။ ကျွန်တော်တို့ လက်ကျန်ပွဲမှာ တစ်ပွဲလောက် သရေကျလိုက်ရုံနဲ့ ချန်ပီယံဖြစ်တော့မှာ မဟုတ်ပါဘူး။ မနေ့ညက အာဆင်နယ်ကို စပါးကွင်းမှာ ရှုံးဖို့ ကျွန်တော် လိုလားခဲ့ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ ထိန်းချုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး”

“ကျွန်တော့်အထင် အာဆင်နယ်က တစ်မှတ်တောင် အလျော့ခံတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ကိုယ်ဘာလုပ်ရမယ်ဆိုတာကို အတိအကျသိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ လက်ကျန် (၄) ပွဲမှာ ဝုလ်ဗ်၊ ဖူလ်ဟမ်၊ စပါး၊ ဝက်စ်ဟမ်းတို့နဲ့ ကစားရဦးမှာပါ။

Share

Loading Next Article...
က္က