ယူနိုက်တက်နည်းပြ တန်ဟက်ခ်က မနေ့ညက အာဆင်နယ်နဲ့ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအတွက် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။ အဆိုပါပွဲမှာ အာဆင်နယ်က ယူနိုက်တက်ကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန် ပွဲကစားချိန် မိနစ် (၉၀) ပြည့်ခါနီးမှာ ဂါနာချိုက ယူနိုက်တက်အတွက် ဒုတိယဂိုး သွင်းယူပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်က VAR ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။
အဲ့ဒီနောက် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုတွေမှာ အာဆင်နယ်က နှစ်ဂိုးဆက်တိုက် သွင်းယူသွားခဲ့ပြီး ယူနိုက်တက်တို့ အမ်းမရိတ်စ်မှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ပွဲအပြီးမှာ တန်ဟက်ခ်က “ခင်ဗျားတို့လည်း ပွဲကြည့်ခဲ့တာပဲ။ ဒါက လူကျွံဘောမဟုတ်ပါဘူး။ သူတို့ကြည့်တဲ့ ရှုထောင့်ကိုက မှားခဲ့တာပါ။ နောက်ပြီး ဟို့ဂျ်လန်းကို ပင်နယ်တီဧရိယာထဲ ဆွဲလှဲခဲ့တာကလည်း ပင်နယ်တီပေးရမှာပါ”
“အဲ့ဒီနောက် အီဗန်စ်ကို ပြစ်ဒဏ်ဘောကျူးလွန်ခံရပြီး ကျွန်တော်တို့ ဂိုးပေးလိုက်ရပါတယ်။ ဒါက သေချာပေါက် ဖြစ်ခဲ့တာပါ။ စွမ်းဆောင်ရည်က မှန်ကန်ခဲ့ပြီး ကျွန်တော်တို့ အရမ်းကောင်းတဲ့ပွဲတစ်ပွဲကို ကစားခဲ့ပါတယ်။ ဒါပေမယ့် အရာရာတိုင်းက ကျွန်တော်တို့ကို ဆန့်ကျင်ခဲ့ပြီး ကံလေး နည်းနည်းကောင်းတာနဲ့ ခင်ဗျား ဒီပွဲကို နိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်အတွက်တော့ ဒီရာသီမှာ ကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းနှစ်ပွဲစလုံး ရှုံးပွဲကြုံတွေ့ထားရတာပါ။ ယူနိုက်တက်ဟာ စပါးကို အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့သလို မြောက်လန်ဒန်ကလပ်အသင်းတစ်သင်းပဲဖြစ်တဲ့ အာဆင်နယ်ကိုလည်း အခုလိုမျိုး ၃-၁ ဂိုးနဲ့ ထပ်မံအရေးနိမ့်ခဲ့တာပါ။