ဂျူဗင်တပ်စ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာအကြီးအကဲဖြစ်သူ ဂီအန်လူကာပက်ဆော့တိုက ယူရိုပါလိဂ်မှာ အာဆင်နယ်တို့ ဗိုလ်စွဲခဲ့မယ်လို့တောင် သူ ထင်မြင်ခဲ့မိတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အာဆင်နယ်ကတော့ ၁၆ သင်းအဆင့်မှာ စပို့တင်းလစ္စဘွန်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရကာ ဒီအပေါ်မှာ ပက်ဆော့တိုက အံ့အားသင့်နေဟန်ရှိပါတယ်။
အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းလည်းဖြစ်ခဲ့ပြီး စပို့တင်းကို လွယ်လွယ်ကူကူပဲ ကျော်ဖြတ်နိုင်မယ်လို့ အားလုံးက ယူဆခဲ့တာပါ။ ဒါပေမယ့် လစ္စဘွန်းမှာ ၂ဂိုးစီသရေ၊ အမ်းမရိတ်စ်မှာ ၁ ဂိုးစီသရေသာ ကစားနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာတော့ အရေးနိမ့်သွားခဲ့လို့ အာဆင်နယ်တို့ ဥရောပပွဲတွေကို နှုတ်ဆက်ခဲ့ရပြီး မျှော်လင့်ထားတဲ့ ဆုဖလားတလုံးကို လက်လွှတ်ခဲ့ရပါတယ်။
စပို့တင်းလစ္စဘွန်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ရမယ့်အပေါ်မှာ ပက်ဆော့တိုက "ကျနော်တို့ အသင်းကောင်းတသင်း၊ သန်မာတဲ့အသင်းတသင်းနဲ့ ရင်ဆိုင်ရမှာပါ၊ သူတို့က ဒါကို အာဆင်နယ်နဲ့ပွဲမှာ သက်သေပြခဲ့ပါတယ်၊ အာဆင်နယ်ဆိုတာက ဒီဆုဖလားကို ရ့ယူနိုင်မယ့်အသင်းလို့တောင် သတ်မှတ်ခံခဲ့ရတာပါ၊ ပြီးတော့ စပို့တင်းက ချန်ပီယံလိဂ်ကနေ ရောက်လာခဲ့တာပါ"
"ဒါကြောင့် သူတို့က ဒီပြိုင်ပွဲမှာ ကျနော်တို့လိုပဲ ကောင်းကောင်းလုပ်ပြနိုင်ဖို့ ဆန္ဒရှိနေမှာပဲ၊ ဒီပွဲက ခက်ခဲပါလိမ့်မယ်၊ လူငယ်တွေနဲ့အတူ သန်မာတဲ့ အသင်းကို ရင်ဆိုင်နေရတာပါ၊ ကျနော်တို့ ကောင်းကောင်းကစားနိုင်မှသာ နောက်တဆင့်ကို ရောက်မှာပါ၊ ယူနိုက်တက် ဒါမှမဟုတ် ဆီဗီလာနဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ်၊ ကျနော်တို့က ဂျူဗင်တပ်စ်ပါ၊ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားပါမယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။
ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲတွေကိုတော့ ဧပြီ ၁၄ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဒုတိယအကျော့ကို ဧပြီ ၂၁ မှာ ကစားသွားကြမှာဖြစ်ပါတယ်။