အူနိုင်းအမ်မရီက ပရိသတ်တွေအတွက် လက်မှတ်ထိုးပေးနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီတယောက် မနေ့က အင်္ဂလန်မြေမှာ ခြေစမ်းပွဲလာရောက်ကစားအပြီး သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဗီလာရီးရဲလ်ဟာ စိန့်မေရီကွင်းမှာ အိမ်ရှင် ဆောက်သမ်တန်နဲ့ ခြေစမ်းပွဲ လာရောက်ကစားခဲ့တာဖြစ်ပါတယ်။



အဲ့ဒီပွဲမှာ ဗီလာရီးရဲလ်က ပီနို၊ မိုရီနိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အူနိုင်းအမ်မရီက ပရိသတ်တွေနဲ့အတူ ဓာတ်ပုံတွဲရိုက်၊ အမှတ်တရလက်မှတ်ရေးထိုးပေးနေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ ပရိသတ်တယောက်က အူနိုင်းအမ်မရီကို စတင်နောက်ပြောင်ခဲ့ပါတယ်။ အဆိုပါ ပရိသတ်က အူနိုင်းအမ်မရီကို “ကောင်းသောညနေခင်း” ဆိုတဲ့ စကားအတွက် အင်္ဂလိပ်အသံထွက်ကို မပီမပြင် ပြောခိုင်းခဲ့တာပါ။



အူနိုင်းအမ်မရီဟာ အာဆင်နယ်ကိုကိုင်တွယ်ခဲ့တုန်းက သတင်းစာရှင်းလင်းပွဲတွေကို အစပြုချိန်မှာ “ဂွတ်အီးဗနင်း (ကောင်းသောညနေခင်းပါ)” လို့ ပြောဆိုအစပြုလေ့ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ အင်္ဂလိပ်အသံထွက်က “ဂွတ်အီးဘီးနင်း” လို့ မပီမသအသံထွက်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီပရိသတ်က ဒါကို လာရောက်နောက်ပြောင်ခဲ့ပုံရပါတယ်။



အူနိုင်းအမ်မရီကတော့ ဒါမျိုးကို လက်မခံခဲ့ဘဲ ချက်ချင်းပဲ ကင်မရာကိုကြည့်ကာ လက်ခလယ်ထောင်ပြပြီး ဆဲဆိုသွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကြားထဲမှာတော့ အူနိုင်းအမ်မရီရဲ့ အဆိုပါဗီဒီယိုက ရေပန်းစားပျံ့နှံ့နေပြီး တယောက်တမျိုးထင်မြင်ချက်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

အဆိုပါ စပိန်လူမျိုးနည်းပြဟာ အာဆင်နယ်နည်းပြဘဝမှာ အောင်မြင်မှုရရှိဖို့ ရုန်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ (၂၀၂၁) မှာ ဗီလာရီးရဲလ်အတွက် ယူရိုပါလိဂ်ဖလားရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာလည်း ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်တို့လို ထိပ်တန်းအသင်းတွေကို ဖြုတ်ချပြီး ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပါသေးတယ်။ 

Share

Loading Next Article...
က္က