ယူနိုက်တက်တို့ အိမ်ကွင်းမှာ သရေနဲ့ကျေနပ်ခဲ့ရတာပါ။
ယူနိုက်တက်တိုက်စစ်ပိုင်းမှာ ရော်နယ်ဒို ဖျားနာနေတာကြောင့် မပါဝင်နိုင်ခဲ့ဘဲ အီလန်ဂါကပဲ တိုက်စစ်ကိုဦးဆောင်လာပါတယ်။ ရပ်ရှ်ဖို့ဒ်ကလည်း ပုံမှန်ခြေစွမ်းပျောက်နေတာကြောင့် အရံခုံမှာပဲ ရှိခဲ့ပါတယ်။ ယူနိုက်တက်က မက်ဂွိုင်းရား၊ ဗာရန်း၊ ဒါလော့၊ လုခ်ရှော၊ ကွင်းလယ်မှာ တွမ်မီနေး၊ ဖရက်ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာ၊ ဆန်ချို၊ အီလန်ဂါတို့ ပွဲထွက်ခဲ့ပါတယ်။  

လက်စတာကလည်း နောက်တန်းမှာ ဆိုယန်ကူမပါဝင်ခဲ့ဘဲ အီဗန်စ်၊ ဖိုဖာနာနဲ့ပွဲထွက်လာခဲ့ပါတယ်။ ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ မက်ဒီဆန်၊ ဒျူးစ်ဘူရီ၊ ဘားနက်စ်၊ အီဟီယန်နာချိုတို့ပွဲထွက်ခဲ့ပါတယ်။ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်အလျော့ခံလို့မရတာကြောင့် ပွဲကို ဖိဖိစီးစီး ကစားဖို့ ကြိုးစားခဲ့ပါတယ်။



ဒါပေမယ့် တိုက်စစ်ပိုင်းက အီလန်ဂါ၊ ဆန်ချို၊ ဘရူနိုဖာနန်ဒက်စ်တို့ ဦးတည်ချက်မဲ့နေပြီး အရင်ပွဲတွေကအတိုင်း ကစားကွက်က အီလည်လည်ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အဲလက်စ်တဲလက်စ်၊ ရပ်ရှ်ဖို့ဒ်တို့ ဝင်လာခဲ့ပါတယ်။

ဦးဆောင်ဂိုးရခဲ့တာကတော့ လက်စတာပဲဖြစ်ပါတယ်။ မက်ဒီဆန် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို အီဟီယန်နာချိုက ခေါင်းတိုက်ပြီး သွင်းယူသွားခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ယူနိုက်တက်တို့ ချေပဂိုး ချက်ချင်းပြန်ရခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးရပြီး (၃) မိနစ်အကြာမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ကန်ချက်ကတဆင့် ပြန်ထွက်လာတာကို ဖရက်ဒ်က ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်တို့ ကံကောင်းခဲ့တာက ပွဲကစားချိန် (၇၉) မိနစ်မှာ မက်ဒီဆန်က လက်စတာအတွက် နောက်ထပ်တဂိုးသွင်းယူပေးခဲ့ပေမယ့် VAR နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒီပွဲသရေရလဒ်ကြောင့် ယူနိုက်တက်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က ဝေးသထက် ဝေးသွားခဲ့ရပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က