မော်ဂန်က အာဆင်နယ်ပရိသတ်ဖြစ်ပြီး ရော်နယ်ဒိုနဲ့ ခင်မင်သူပါ။

ရော်နယ်ဒိုနဲ့ ခင်မင်ရင်းနှီးတဲ့ အာဆင်နယ်ပရိသတ်တဦးဖြစ်သူ ပီရက်စ်မော်ဂန်ကတော့ ယူနိုက်တက်တိုက်စစ်မှူးအနေနဲ့ အသင်းသစ်ရှာနေတယ်ဆိုရင် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ အချိန်ကျပြီဖြစ်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အိုးထရက်ဖို့ဒ်ကနေ ရော်နယ်ဒိုထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေထွက်လာအပြီးမှာ မော်ဂန်က အချိန်ကိုက်လှုပ်ရှားခဲ့တာလည်းဖြစ်ပါတယ်။ 

တွစ်တာမှာ ဖော်လိုဝါ ၈ သန်းအထိ ပိုင်ဆိုင်ထားတဲ့ မော်ဂန်က အာဆင်နယ်ဂျာစီမှာ ရော်နယ်ဒိုရဲ့ ကျောနံပါတ်နဲ့ နာမည်ရေးထိုးထားတဲ့ ဂျာစီကို ပြသနေတဲ့ ပုံနဲ့အတူ "အချိန်ကျပြီ" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ မော်ဂန်ရဲ့ တွစ်တာပို့စ်မှာတော့ ပရိသတ်တွေကလည်း သူတို့ထင်မြင်ချက်တွေကို ရေးသားပြောဆိုနေကြပြီး ထောက်ခံသူတွေရော၊ လှောင်ပြောင်သူတွေပါ ရှိနေခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုံးရှုံးထားပြီး ယူရိုပါလိဂ်သာကစားရမှာဖြစ်ပါတယ်။ လက်ရှိမှာလည်း အဆိုပါအခြေအနေမျိုးကို နောက်ထပ်ရင်မဆိုင်ရအောင် လုံလောက်တဲ့အင်အားတွေဖြည့်တင်းပြီး အသင်းကို တည်ဆောက်ရမှာဖြစ်ပေမယ့် ကစားသမားသစ်တဦးမှ မခေါ်ယူနိုင်သေးဘဲ စျေးကွက်ထဲမှာ ယောင်လည်လည်ဖြစ်နေခဲ့ပါတယ်။ 

ရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့်ရာသီအတွက် အသင်းရဲ့ပြင်ဆင်မှုတွေအပေါ်မှာ ရော်နယ်ဒိုက ကျေနပ်အားရမှုမရှိဖြစ်နေခဲ့ပြီးနောက် အသင်းကနေထွက်ခွင့်တောင်းဆိုထားတယ်လို့ The Times က ဖော်ပြခဲ့အပြီးမှာ ယူနိုက်တက်ပရိသတ်တွေအားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က