ဘက်တစ်မှာ အငှားနဲ့သွားကစားနေတဲ့ ညာနောက်ခံလူ ဘယ်လာရင်ဟာ ဘက်တစ် ကစားသမားဘဝ အိမ်ကွင်းနောက်ဆုံးပွဲအပြီးမှာ ငိုကြွေးခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ စပိန်လူမျိုးကစားသမားဟာ တရာသီအငှားစာချုပ်နဲ့ အာဆင်နယ်ကနေ ဘက်တစ်ကို လာရောက်ကစားခဲ့တာပါ။
ဘယ်လာရင်ဟာ အသက် (၁၇) နှစ်တည်းက အာဆင်နယ်ကို ရောက်ရှိနေတာဖြစ်ပြီး အာဆင်နယ်အတွက် ပွဲပေါင်း (၂၃၉) ပွဲ ကစားပေးထားခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အာဆင်နယ်မှာ အနာဂတ်မသေချာသလို သူ့ရဲ့ ငယ်ဘဝက အားပေးရာ ဘက်တစ်ကနေ ထွက်ခွာရတော့မယ့်အချိန်မှာ အခုလိုပဲ ငိုကြွေးခဲ့ရတာပါ။
သတင်းတွေရဲ့ဖော်ပြချက်အရတော့ ဘက်တစ်ဟာ ဘယ်လာရင်ကို အပြီးသတ်ခေါ်ယူထားဖို့အတွက် ဆန္ဒရှိနေပြီး ဒီအတွက်လည်း ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ဗြိတိန်အခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘယ်လာရင်ဟာ ဂရန်နာဒါကို နှစ်ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ အဲ့ဒီပွဲအပြီးမှာ တော်တော်ကြာတဲ့အထိ ဘက်တစ်ကွင်းမြက်ခင်းပြင်ပေါ် တယောက်တည်း ထိုင်နေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဘယ်လာရင်ရဲ့အဖေဟာ ဘက်တစ်ရဲ့အမာခံပရိသတ်တယောက်ဖြစ်ပြီး ဒီအသင်းကို ရောက်ရှိလာချိန်မှာ ဘယ်လာရင်က အဖေဖြစ်သူရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ပြောကြားထားပါသေးတယ်။ ဘယ်လာရင်ဟာ ဘက်တစ်နဲ့အတူ ကိုပါဒယ်ရေးဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။
ဘယ်လာရင်တယောက် ကွင်းထဲတယောက်တည်းထိုင်နေချိန်မှာ အသင်းဖော်အချို့က ဘယ်လာရင်ဘေးနား လာရောက်အောင်ပွဲခံခဲ့ကြပါတယ်။ ဘယ်လာရင်ရဲ့အဖေဖြစ်သူ ပီပီကလည်း ဘယ်လာရင်ကို ကွင်းအတွင်း လာရောက်ပွေ့ဖက်နှစ်သိမ့်ခဲ့တာကိုလည်း ရုပ်သံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။
ဘယ်လာရင်အနေနဲ့ လာမယ့်ရာသီမှာ အာဆင်နယ်ကို ပြန်လည်ရောက်ရှိခဲ့ရင် ညာနောက်ခံလူနေရာအတွက် တိုမီယာဆုနဲ့ အဓိက အားပြိုင်ရမှာဖြစ်ပါတယ်။ တိုမီယာဆုကလည်း အာဆင်နယ်နည်းပြ အာတီတာ သဘောကျတဲ့ ကစားသမားဖြစ်ပြီး ဘယ်လာရင်အနေနဲ့ အာဆင်နယ်မှာသာ ဆက်နေဖြစ်ခဲ့ရင် ပုံမှန်နေရာရရှိဖို့ ခက်ခဲနေဦးမှာပါ။