ကစားသမားဘ၀ တဆင့်တက်နိုင်ပေမယ့် ဖလားရမှာမဟုတ်ဘူးလို့ ပြောလိုက်တာပါ။

ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်နောက်ခံလူဟောင်း ဂျင်မီကာရေဂါက ဝက်စ်ဟမ်းယူနိုက်တက်ကွင်းလယ်လူ ဒီကလန်ရိုက်ကို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ရင် ဆုဖလားရဖို့ အာမခံချက်မရှိဘူးလို့ သတိပေးလိုက်ပါတယ်။ ရိုက်ကို အာဆင်နယ်က ပစ်မှတ်ထားနေကာ ကြိုးပမ်းနေပြီး ကစားသမားကလည်း စိတ်ဝင်စားမှုရှိနေပါတယ်။

အင်္ဂလန်ကွင်းလယ်လူဟာ ဝက်စ်ဟမ်းနဲ့အတူ ကွန်ဖရင့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အာဆင်နယ်က အသင်းကွင်းလယ်ပိုင်းအတွက် ဒီကလန်ရိုက်သာ ခေါ်ယူခဲ့မယ်ဆိုရင် ပိုမိုအားကောင်းလာမယ်လို့ ယုံကြည်ထားကာ ပေါင်သန်း ၁၀၀ အထိ ပေးချေမယ်လို့လည်း သတင်းတွေထွက်နေခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာပဲ ကာရေဂါက "ဒါက ဒီကလန်ရိုက်အတွက် ခက်ခဲပါလိမ့်မယ်၊ ဟယ်ရီကိန်းလည်း အဲဒီလိုဖြစ်ခဲ့တာပါ၊ သူတို့က ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိန်ခေါ်နိုင်တဲ့ အသင်းတွေမှာ မရှိခဲ့ပါဘူး၊ ဒါပေမယ့် မန်စီးတီးကိုမှ မသွားဘူးဆိုရင်တော့ မင်းလိုချင်တဲ့ ဆုဖလားတွေအတွက် ဘာအာမခံချက်မှမရှိပါဘူး"

"သူ အာဆင်နယ်ကို ပြောင်းရွှေ့မယ်ဆိိုရင် သူ့အတွက် အရမ်းကောင်းသွားနိုင်ပါတယ်၊ သူတို့မှာ ရှိတဲ့အနေအထားနဲ့ဆို ကစားသမားဘ၀ နောက်တဆင့်ကို တက်သွားမှာဖြစ်ပေမယ့်လည်း အာဆင်နယ်နဲ့အတူ အကြီးမားဆုံးဆုဖလားတွေကို ဆွတ်ခူးနိုင်မယ်ဆိုတဲ့ အာမခံချက်တွေတ​ော့ မရှိပါဘူး" လို့ ကာရေဂါက ပြောဆိုသွားခဲ့ပါတယ်။ 

ဒီကလန်ရိုက်ကို ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့လို အင်္ဂလန်ပရီးမီးယားလိဂ်အသင်းကြီးတွေကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ခဲ့ပေမယ့်လည်း ရာသီကုန်ခါနီးမှာ ခြေချော်ခဲ့ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က