အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ယူနိုက်တက်နည်းပြတန်ဟက်ဂျ်က အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိနေသင့်တာက သူတို့အသင်းဖြစ်ပြီး အာဆင်နယ်မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ တန်ဟက်ဂျ်က အသင်းတိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းကို ချီးကျူးအသိအမှတ်ပြုခဲ့ရင်းနဲ့ ပြောဆိုခဲ့တာလို့ ယူနိုက်တက်သတင်းရင်းမြစ်တခုက The Sun ကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
ဒီရာသီမှာ တန်ဟက်ဂျ်က ရက်ရှ်ဖို့ဒ်ကို အသင်းတိုက်စစ်ပိုင်းဦးဆောင်နိုင်မယ့်သူအဖြစ် သတ်မှတ်ထားပြီး ဂိုးပေါင်း ၂၀ အထိ သွင်းယူနိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားကြောင်း အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။ ရော်နယ်ဒိုထက် ရက်ရှ်ဖို့ဒ်က အသင်းကိုပိုပြီး အကျိုးရှိစေတယ်လို့လည်း တန်ဟက်ဂျ်က ခံစားနေရကာ အင်္ဂလန်တိုက်စစ်မှူးနဲ့ တော်တော်လေးဆက်ဆံရေးကောင်းမွန်နေတယ်လို့လည်း သိရပါတယ်။
"တန်ဟက်ဂျ်က မားကပ်စ်ကို ယူနိုက်တက်ရဲ့ နံပါတ်တစ်တိုက်စစ်မှူးဖြစ်စေချင်နေပြီး အသင်းတိုက်စစ်ကို ဦးဆောင်စေချင်နေတာ၊ မားကပ်စ်အရည်အသွေးနဲ့ ကမ္ဘာ့အကောင်းဆုံးတယောက်ဖြစ်လာဖို့လည်း ယုံကြည်နေပြီး ပြီးခဲ့တဲ့ပွဲတွေက ခြေစွမ်းကိုလည်း အထင်ကြီးနေတယ်၊ ဒီရာသီမှာ လွယ်လွယ်လေးနဲ့ ဂိုးပေါင်း ၂၀အထိ မားကပ်စ်သွင်းနိုင်မယ်ဆိုတာကို သူ ပြောပြောနေတာပဲ၊ သူတို့ကြားမှာ ဆက်ဆံရေးကောင်းရှိနေပြီး မားကပ်စ်ကလည်း အရမ်းပျော်နေတယ်"
"အာဆင်နယ်ကို အနိုင်ယူပြီးနောက်မှာ တန်ဟက်ဂျ်က ဒါကမှ ယူနိုက်တက်အစစ်၊ ငါတို့က ဇယားထိပ်ဆုံးရောက်နေသင့်တာ၊ အာဆင်နယ်ရောက်နေရမှာမဟုတ်ဘူးလို့ ပြောခဲ့သေးတယ်၊ သူတို့ရဲ့ ချန်ပီယံမျှော်လင့်ချက်ကို ခြိမ်းခြောက်မယ့် တခုတည်းသောအရာက မန်စီးတီးလို့လည်း ခံစားနေရပြီး မန်စီးတီးခြေချော်ရင် အခွင့်အရေးယူနိုင်ဖို့လည်း ယုံကြည်နေကြတယ်" လို့ အဆိုပါသတင်းရင်းမြစ်က ဖွင့်ဟခဲ့ပါတယ်။
တန်ဟက်ဂျ်ကတော့ အသက် ၅၂ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး နယ်သာလန်ကလပ်တွေမှာ ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်းဖြစ်ပါတယ်။ နည်းပြဘ၀မှာတော့ သူက ဘိုင်ယန်မြူးနစ်အရန်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး အုထရက်ချ်၊ အေဂျက်ဇ်တို့ကိုလည်း ကိုင်တွယ်ခဲ့ကာ အေဂျက်ဇ်နဲ့အတူ ထင်ရှားကျော်ကြားလာခဲ့သူဖြစ်ပါတယ်။ အေဂျက်ဇ်နဲ့ နယ်သာလန်ပြည်တွင်းအောင်မြင်မှုတွေရယူနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ကို ၂၀၂၂ မှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။