အာဆင်နယ်အတွက်တော့ အခြားတိုက်စစ်မှူးရှာရတော့မှာပါ။

ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးတဦးခေါ်ယူဖို့ ကြိုးစားနေတဲ့ အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနားတိုက်စစ်မှူးဗလာဟိုဗစ်ကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီရာသီမှာ စီးရီးအေကလပ်အတွက် ခြေစွမ်းပြနေတဲ့ ဆာဘီးယားသားကို အာဆင်နယ်က တော်တော်လေးအားထုတ်ကြိုးပမ်းခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရတာပါ။ 

ဂျူဗင်တပ်စ်ကလည်း စီးရီးအေထိပ်တန်းဂိုးသွင်းရှင်ကိုခေါ်ယူဖို့ ကြိုးစားနေပြီး တရားဝင်ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ကစားသမားကတော့ ပရီးမီးယားလိဂ်ထက် စီးရီးအေမှာသာ ဆက်နေဖို့ စိတ်အားထက်သန်နေပြီး ဂျူဗီရဲ့ကမ်းလှမ်းမှုက သူ့အတွက်တော့ လက်ခံနိုင်စရာဖြစ်လာခဲ့ကာ တဖက်မှာတော့ အာဆင်နယ်အတွက် စိတ်ပျက်စရာဖြစ်လာခဲ့ရပါတယ်။ 

အော်ဘာမီယန်ရဲ့ ဒီရာသီခြေစွမ်းနဲ့ အပြုအမူတွေကြောင့် အာဆင်နယ်အတွက် တိုက်စစ်မှူးတဦး အသည်းအသန်လိုအပ်လာခဲ့တာလည်းဖြစ်ပါတယ်။ ဗလာဟိုဗစ်ကတော့ သူ့ကို အာဆင်နယ်က ဆက်သွယ်တယ်ဆိုရင် ဖုန်းတောင်မကိုင်ဖို့အတွက် အေးဂျင့်ကိုမှာကြားထားခဲ့ဖူးတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပြီး အခုအခါမှာတော့ ပယ်ချမှုတွေကိုပါ ပြုလုပ်လိုက်တာဖြစ်ပါတယ်။ 

ကစားသမားအတွက် ပေါင်သန်း ၄၀နဲ့ အထက် အသုံးပြုဖို့ကို အာဆင်နယ်က အသင့်ဖြစ်နေခဲ့ပေမယ့် ဖီအိုရင်တီးနားက ကစားသမားရဲ့ဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားမယ်လို့ ပြောဆိုထားပါတယ်။ ဗလာဟိုဗစ်ကို လက်လျှော့လိုက်ရပြီဖြစ်လို့ အာဆင်နယ်က အဲဗာတန်တိုက်စစ်မှူးကယ်လ်ဗတ်လီဝင်၊ ဆိုဆီဒက်တိုက်စစ်မှူးအိုင်ဆက်ခ်တို့ကို ပစ်မှတ်ထားလာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က