ပရီးမီးယားလိဂ်တနှစ်တာအကောင်းဆုံးဆု ဆန်ခါတင်စာရင်းကို ဖာဒီနန်က ဝေဖန်ခဲ့တာပါ။

ယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်က ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ရော်နယ်ဒို ဒီရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ မပါဝင်တဲ့အပေါ် အာဆင်နယ် ကစားသမားနဲ့ နှိုင်းယှဥ်ပြီး ဝေဖန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဒီစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး အငြင်းပွားစရာတွေရှိခဲ့ပါတယ်။



ဒီစာရင်းမှာ ဒီဘရိုင်း၊ ဆွန်ဟောင်မင်၊ ဆာလာ၊ အာနိုးလ်၊ ကန်ဆယ်လို၊ ဘိုဝင်၊ ဝက်ဒ်ပရော့စ်တို့နဲ့အတူ ဆာကာလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုအပါအဝင် မာနေး၊ ဗန်ဒိုက်ချ်တို့ မပါဝင်တဲ့အပေါ်မှာ ဝေဖန်မှုတွေရှိနေခဲ့ပြီး ဖာဒီနန်ကလည်း ဆာကာမပါသင့်ဘဲ ရော်နယ်ဒိုသာပါသင့်တယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။

ဖာဒီနန်က “ဆာကာက စီနီယာ ကစားသမားတွေအတွက် တနှစ်တာအကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်းမှာ ပါတယ်တဲ့လား? ကျနော့်အတွက်တော့ ဆာကာ စွမ်းဆောင်ထားတာတွေကိုကြည့်လိုက်ရင် ဒီလိုနေရာမျိုးကို မရောက်သင့်သေးပါဘူး။ ဒီရာသီအတွက် သူ့ကိုရော်နယ်ဒိုရဲ့အပေါ်မှာ မထားနိုင်ပါဘူး”

“အခု ဆန်ခါတင်စာရင်းကို ကြည့်လိုက်ရင် ရော်နယ်ဒိုက အဲ့ဒီထဲက သုံးလေးယောက်ထက် သာပါတယ်။ အခု စာရင်းက ရယ်စရာကြီးပါ။ ရော်နယ်ဒိုကတော့ ဒါကို လေးစားမှုမရှိတဲ့လုပ်ရပ်လို့ပဲ မြင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါက ရော်နယ်ဒိုကို ဓာတ်ဆီလောင်းပေးလိုက်သလို ဖြစ်သွားမှာပါ။ အဲ့ဒီထဲက ကစားသမားအများစုထက် သူက ဂိုးပိုသွင်းထားပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီရာသီပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ သွင်းဂိုး (၁၈) ဂိုးနဲ့ တတိယနေရာမှာ ရှိနေပါတယ်။ သူ့အထက်မှာ ဆာလာက (၂၂) ဂိုး၊ ဆွန်ဟောင်မင်က (၂၁) ဂိုးနဲ့ နှစ်ယောက်သာရှိပါတော့တယ်။ အာဆင်နယ် တောင်ပံကစားသမားလေး ဆာကာဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲပေါင်း (၃၆) ပွဲမှာ (၁၁) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က