အာဆင်နယ်နည်းပြ အာတီတာက သူ့အသင်းရဲ့ စွမ်းဆောင်ရည်က စိုးရိမ်စရာကောင်းပြီး နည်းလမ်းပေါင်းစုံနဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဆောက်သမ်တန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် အာဆင်နယ်တို့ အဆင့် (၆) နေရာကို ဆင်းပေးလိုက်ရပါတယ်။
အစောပိုင်းကစားခဲ့တဲ့ပွဲမှာ စပါးကဘရိုက်တန်ကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်သာ အနိုင်ရရှိခဲ့ရင် လက်ကျန်ပွဲတပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေပိုကောင်းနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ အခွင့်အရေးမယူနိုင်ခဲ့ဘဲ အခုလိုမျိုး ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့ရတာပါ။
ပွဲအပြီးမှာ အာတီတာက “လက်ခံရခက်တဲ့ ရလဒ်တခုပါ။ ကျနော်တို့က ပွဲကိုထိန်းချုပ်နိုင်ခဲ့တဲ့ အနေအထားမှာ ဘယ်လိုများရှုံးသွားလဲဆိုတာကို လက်ခံဖို့ ခက်ခဲပါတယ်။ ဖရေဆာဖော်စတာ (ဆောက်သမ်တန်ဂိုးသမား) ကတော့ တကယ်ကို အံ့အားသင်စ့ရာပါပဲ”
“ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ သူ့ရဲ့လက်စွမ်းတွေကြောင့်ပေါ့။ အဲ့ဒါက အဆုံးအဖြတ်ပေးတဲ့ အခိုက်အတန့်တွေပါပဲ။ ပွဲက ဒီနေ့ တဖက်သတ်ကို ဖြစ်ခဲ့တာပါ။ အာဆင်နယ်ရဲ့ အနေအထားကတော့ တကယ်ကို စိုးရိမ်စရာပါ။ ကျနော်တို့က ပွဲတွေကို နည်းအမျိုးမျိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနေ့ ရှုံးခဲ့တဲ့ပုံစံအရဆို ရှင်းပြရတာ အရမ်းခက်ခဲတဲ့ အနေအထားပါ”
“ခင်ဗျားတို့သာ ဒီပွဲကိုကြည့်လိုက်မယ်ဆိုရင် အာဆင်နယ်က သက်သောင့်သက်သာ နိုင်သွားမယ်လို့တောင် ခင်ဗျားပြောနိုင်ပါတယ်” လို့ ငြီးတွားသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး (၅) ပွဲမှာ ဗီလာနဲ့တပွဲတည်းသာ နိုင်ခဲ့ပြီး လီဗာပူး၊ ပဲလေ့စ်၊ ဘရိုက်တန်နဲ့ အခု ဆောက်သမ်တန်တို့ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။