မနေ့ညက အာဆင်နယ်နဲ့ စပါးတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ရိုမဲရိုးရဲ့ လက်ထိဘောနဲ့ ပတ်သက်ပြီး ပရိသတ်တွေအကြားမှာ အမြင်အမျိုးမျိုး ကွဲပြားနေပါတယ်။ ဒီပွဲမှာ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပြီး ရိုမဲရိုးရဲ့ လက်ထိဘောကတစ်ဆင့် အာဆင်နယ်တို့ ပင်နယ်တီရရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ ဘန်ဝှိုက်ရဲ့ ကန်ချက်ကို ရိုမဲရိုးကာကွယ်ဖို့ ကြိုးစားရင်း ဂိုးဧရိယာအတွင်း လက်နဲ့ထိခဲ့တာပါ။ ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ကာ ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပြီး အာဆင်နယ်အတွက် ဆာကာက ဒီပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။
ရိုမဲရိုးဟာ အလားတူ လက်ထိတဲ့ပုံစံမျိုးနဲ့ ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း ပင်နယ်တီဧရိယာအတွင်း ထိမိခဲ့ပါသေးတယ်။ ဒါပေမယ့် အဆိုပါပွဲမှာ ဂါနာချိုရဲ့ ကန်ချက်ကို အခုလိုမျိုး ရိုမဲရိုးတို့ လက်ထိခဲ့ပေမယ့် ယူနိုက်တက်တို့ ပင်နယ်တီမရရှိခဲ့ပါဘူး။
အဲ့ဒါကြောင့်လည်း မနေ့ညကပွဲနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေက ဝေဖန်နေကြပြီး သူတို့အသင်းအလှည့်မှာ ပင်နယ်တီမရဘဲ အာဆင်နယ်ကျမှ ပင်နယ်တီရခဲ့တယ်လို့ ပြစ်တင်နေကြပါတယ်။ ဒါ့အပြင် အခု အာဆင်နယ်နဲ့ပွဲက ရိုမဲရိုးရဲ့ လက်ထိဘောကလည်း ပြိုင်ဘက်ကစားသမားနဲ့ ကပ်လွန်းနေတာကြောင့် မပေးသင့်ဘူးလို့လည်း ယူဆသူတွေရှိနေပါတယ်။
ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်ကလည်း အခု ရိုမဲရိုးရဲ့ ပင်နယ်တီဖြစ်ရပ်အတွက် မတင်မကျပြောဆိုခဲ့ပြီး VAR ရဲ့ ဆုံးဖြတ်ချက်တွေက ဘယ်တော့မှ သေချာပေါက် မပြောနိုင်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။ စပါးပရိသတ်တွေကလည်း ဒီဖြစ်ရပ်အပေါ် ဝေဖန်နေကြပြီး ပရီးမီးယားလိဂ်ဒိုင်တွေက အပတ်တိုင်း အငြင်းပွားစရာတွေကို ဖန်တီးနေတယ်လို့ ဝေဖန်ပြစ်တင်နေကြပါတယ်။