မန်ချက်စတာစီးတီးကတော့ အီတီဟတ်မှာ အာဆင်နယ်ကို ၄-၁ နဲ့ ဂိုးပြတ်ချေမှုန်းပြိး အမှတ်ပေးဖလားကို ရယူနိုင်ဖို့ အကောင်းဆုံးလမ်းကြောင်းကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ အာဆင်နယ်ကတော့ အဝေးကွင်းမှာ ဂွာဒီယိုလာရဲ့ အသင်းကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ ဂိုးသမားရမ့်စ်ဒေးလ်သာ ကာကယ်မှုတွေ မလုပ်နိုင်ခဲ့ရင် ပထမပိုင်းကန်ပြီးကတည်းက ပွဲပြီးပြီလို့တောင် ယူဆရမယ့်အထိဖြစ်ခဲ့ပါတယ်။
မန်စီးတီးက အိမ်ကွင်းမှာ ဖိဖိစီးစီးနဲ့ ကစားခဲ့ပြီး ကစားကွက်အရ၊ တဦးချင်းခြေစွမ်းအရ အာဆင်နယ်ထက် သာလွန်ကောင်းမွန်နေခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန်အစောပိုင်းကတည်းက မန်စီးတီးတို့ ဒီဘရိုင်းရဲ့ ဦးဆောင်ဂီုးကို ရရှိခဲ့ပြီး အာဆင်နယ်ကို ဦးချိုးနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက်မှာ အာဆင်နယ်က ကစားကွက်ပါတည်မရအောင်ဖြစ်သွားပြီး တော်တော်လေးကန်ယူနေခဲ့ရပါတယ်။
ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးကြီးနေတာကြောင့် အဓိကကစားသမားတွေ အားလုံးကို ထည့်သွင်းထားခဲ့ပေမယ့် မန်စီးတီးကစားသမားတွေရဲ့ တွဲလုံးတွေနဲ့ တဦးချင်းထိုးဖောက်မှုတွေက အာဆင်နယ်ခံစစ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဆာလီဘာမပါတဲ့ အာဆင်နယ်ခံစစ်က တော်တော်လေးကို အားနည်းနေခဲ့ပြီး မန်စီးတီးသာ ဂိုးသွင်းသေချာရင် ဒီထက်ဂိုးပြတ်ခဲ့မှာပါ။
မန်စီးတီးအတွက် နောက်ထပ်ဂိုးတွေကိုတော့ ဒုတိယပိုင်းမှာ ဂျွန်စတုန်းစ်၊ ဒီဘရိုင်း၊ ဟာလန်းတို့က သွင်းယူပေးခဲ့ပြီး အာဆင်နယ်အတွက် နှစ်သိမ့်ချေပဂိုးကို ဟိုးဒင်းက သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်ကတော့ မန်စီးတီးကို ၁၂ ပွဲဆက်တိုက် အရေးနိမ့်ခဲ့တာဖြစ်ပြီး မန်စီးတီးအတွက် ငယ်နိုင်အသင်းသဖွယ်ဖြစ်နေခဲ့ပါပြီ။
လက်ရှိမှာ မန်စီးတီးက အာဆင်နယ်ထက် ၂ပွဲလျော့ကစားထားပြီး ရမှတ်အားဖြင့် ၂ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ လက်ကျန် ၂ပွဲကိုသာ မန်စီးတီးတို့ အနိုင်ရရှိခဲ့မယ်ဆိုရင် အာဆင်နယ်ကို ၄ မှတ်အထိ ဖြတ်တောက်နိုင်တော့မှာဖြစ်ပြီး အမှတ်ပေးဖလားက အီတီဟတ်ဆီမှာပဲ ခိုနားဖို့အတွက် ဖြစ်လာခဲ့ပါပြီ။