မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းကြီး ရီယိုဖာဒီနန်က လက်ရှိအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သာ အာဆင်နယ်မှာ ကစားနေခဲ့မယ်ဆိုရင် အီးမရိတ်စ်ကွင်းရှေ့မှာ ရုပ်ထုပြုလုပ်ပြီး ဂုဏ်ပြုခံနေရလောက်ပြီလို့ ပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီကွင်းလယ်လူကတော့ ယူနိုက်တက်ကို လွန်ခဲ့တဲ့ ၃ နှစ်က ပြောင်းရွှေ့လာခဲ့ပြီးကတည်းက ခြေစွမ်းပြနေခဲ့တာဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဖာနန်ဒက်စ်က ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမှာလည်း ယူနိုက်တက်အတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ လက်ရှိမှာ သူက အသင်းအတွက် ပြိုင်ပွဲစုံ ၁၇၈ ပွဲကစားပြီး ၆၁ ဂိုးသွင်း၊ ၅၄ ကြိမ်အထိ ဖန်တီးပေးထားပြီးဖြစ်ကာ ဂိုးသွင်းယူမှုအပိုင်းမှာရော၊ ဖန်တီးမှုအပိုင်းမှာပါ အားထားနေခဲ့ရပါတယ်။
ဖာဒီနန်က သူ့ရဲ့ FIVE podcast ကနေ "ကျနော်တို့ နိုင်ပွဲနဲ့ထိုက်တန်ပါတယ် (ဗီလာနဲ့ပွဲ)၊ ဘရူနိုလုပ်ပြခဲ့တဲ့ ကိန်းဂဏန်းတွေကို မြင်ကြလား၊ ဝိုး၊ သူလုပ်ပြနေတာတွေက မှတ်သားလောက်စရာတွေချည်းပါပဲ၊ တကယ်လို့သာ သူက အာဆင်နယ်မှာ ကစားနေတာဆိုရင် အီးမရိတ်စ်ကွင်းအပြင်ဘက်မှာ သူ့အတွက် ရုပ်ထုတောင် ရှိနေလောက်ပါပြီ"
"လာမယ့်နှစ်မှာ သူက အသင်းခေါင်းဆောင်ဖြစ်လာမလားဆိုရင်တော့ ရာနှုန်းပြည့်ကို သေချာပါတယ်၊ သူ ဖြစ်လာပါလိမ့်မယ်၊ သူ အသင်းနဲ့ စာချုပ်ချုပ်ပြီးကတည်းက သူက အသင်းအတွက် အကျိုးသက်ရောက်မှုအရှိဆုံး ကစားသမားဖြစ်ခဲ့ပါတယ်" လို့ ပြောဆိုချီးကျူးသွားခဲ့ပါတယ်။
ဖာနန်ဒက်စ်က လက်ရှိမှာလည်း ဟယ်ရီမက်ဂွိုင်းယားမပါဝင်ရင် အသင်းခေါင်းဆောင်အဖြစ်နဲ့ တာဝန်ယူနေတာဖြစ်ပါတယ်။ ဖာဒီနန်က "ဖာနန်ဒက်စ်က ၁၀ပွဲလောက်အထိကို မနားပဲ ဆက်တိုက်ကစားနိုင်ပါတယ်၊ အူနိုင်းအမ်မရီက သူ့ကို ဟန့်တားဖို့အတွက် အားထုတ်ခဲ့ပေမယ့်လည်း ဘရူနိုက အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်" လို့ ထပ်ပြောခဲ့ပါတယ်။