အာဆင်နယ်၊ ယူနိုက်တက်တို့မှာကစားပြီး မကြာခဏရင်ဆိုင်ခဲ့ဖူးပါတယ်။

ပြင်သစ်လီဂူးကလပ် မာဆေးလ်အသင်းရဲ့ တိုက်စစ်ကစားသမားအလက်ဆစ်ဆန်းချက်ဇ်က ဒီနေ့ညကစားရမယ့် တော့တင်ဟမ်နဲ့ပွဲမှာ အနိုင်ရအောင်ကစားသွားမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ ဒီအုပ်စုမှာပါဝင်နေတဲ့ စပါး၊ စပို့တင်း၊ ဖရန့်ဖတ်နဲ့ မာဆေးလ်တို့ဟာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အခွင့်အရေးရှိနေဆဲဖြစ်ပြီး စပါးက သရေတမှတ်သာလိုအပ်နေပေမယ့် မာဆေးလ်ကတော့ မဖြစ်မနေအနိုင်ကစားရမှာဖြစ်ပါတယ်။ 

ဆန်းချက်ဇ်က "အာဆင်နယ်မှာ ကျနော်ကစားတုန်းက စပါးကိုအနိုင်ယူခဲ့တဲ့အချိန်တိုင်း အမှတ်ရစရာတွေ အများကြီးရှိခဲ့ပါတယ်၊ ဒါတွေက ကျနော့်နှလုံးသားနဲ့ နီးနီးကပ်ကပ် မြတ်နိုးတန်ဖိုးထားရတဲ့ အမှတ်တရတွေပါပဲ" လို့ ဆိုပါတယ်။ ဆန်းချက်ဇ်ကတော့ မာဆေးလ်မှာကစားနေတဲ့ အာဆင်နယ်ကစားသမားဟောင်း ၄ ဦးထဲက တဦးဖြစ်ပြီး သူနဲ့အတူ ဂွမ်ဒူဇီ၊ ကိုလာစီနက်၊ တာဗာရက်စ်တို့လည်း ကစားနေကြတာပါ။ 

"ကစားသမားတိုင်းမှာ ဒီပွဲကိုအနိုင်ရဖို့ တွန်းအားတွေရှိနေပါတယ်၊ ကျနော်တို့ အောင်ပွဲလိုချင်တယ်၊ ပရိသတ်တွေအတွက် ကစားပေးပြီး ဒီအငွေ့အသက်တွေက ကျနော်တို့ကို တွန်းအားပေးဖို့လည်း ရောက်လာမှာပါ၊ အိမ်ကွင်းဖြစ်လို့လည်း ကျနော်တို့မှာ လုပ်နိုင်စွမ်းရှိပါတယ်၊ တိုးတက်မှုကို လိုလားပြီး ဒီလိုဖြစ်နိုင်ဖို့လည်း လုပ်ဆောင်နေပါတယ်" လို့ ဆန်းချက်ဇ်က ထပ်ပြောခဲ့ပါတယ်။ 

အာဆင်နယ်မှာ ကစားခဲ့တုန်းက ဆန်းချက်ဇ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒီနောက်မှာ သူက မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ခြေစွမ်းပိုင်းပါ ကျဆင်းသွားခဲ့ကာ အင်တာမီလန်ကို ထပ်မံပြောင်းရွှေ့ခဲ့ရပါတယ်။ အင်တာမှာ နှစ်အနည်းငယ်ကစားပြီးနောက် ဒီရာသီမှာ မာဆေးလ်ကို အလွတ်ပြောင်းရွှေ့သွားခဲ့တာပါ။ 

ဒီရာသီမှာ ဆန်းချက်ဇ်က မာဆေးလ်အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၆ ဂိုးသွင်းယူပေးထားပြီး ချန်ပီယံလိဂ်သွင်းဂိုး ၂ ဂိုးပါဝင်ပါတယ်။ အာဆင်နယ်ကစားသမားဘ၀မှာ စပါးကို မကြာခဏအနိုင်ယူဖူးတဲ့ ဆန်းချက်ဇ်က မာဆေးလ်နဲ့အတူ ထပ်မံအနိုင်ယူဖို့လည်း မျှော်လင့်နေတာပါ။ 

Share

Loading Next Article...
က္က