ဘုန်းမောက်နဲ့ပွဲမှာ နာကျင်အချိန်ပိုမိနစ်ကျော်နေပြီးမှ ဂိုးသွင်းခဲ့တာပါ။

ဘုန်းမောက်ကို အာဆင်နယ်က နောက်ကလိုက်ကာ ပြန်လည်အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာတော့ ပရီးမီးယားလိဂ်က အာဆင်နယ်ကို ဆုဖလားပေးချင်နေတာလို့ ပရိသတ်တွေက စွပ်စွဲနေကြပါပြီ။ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ပွဲအစ ၉ စက္ကန့်မှာကတည်းက ဦးဆောင်ဂိုးပေးခဲ့ရသလို နောက်ထပ်တဂိုးလည်း ခွင့်ပြုခဲ့ရလို့ ၂-၀ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ၃ ဂိုး ပြန်သွင်းကာ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ 

ပါတေးနဲ့ ဘင်၀ှိုက်တို့က အာဆင်နယ်အတွက် ချေပဂိုး ၂ ဂိုးဆက်တိုက် သွင်းယူပေးခဲ့ပြီး ပွဲက ၂-၂ ဖြစ်နေခဲ့ကာ ဒုတိယပိုင်းနာကျင်အချိန်ပိုမိနစ်ကို ကွင်းလယ်ဒိုင်က ၆ မိနစ်အထိ သတ်မှတ်ပေးခဲ့ပါတယ်။ အဆိုပါ နာကျင်အချိန်ပိုမိနစ်အတွင်းမှာပဲ အာဆင်နယ်က အဖိုးတန်အနိုင်ဂိုးကို နယ်လ်ဆင်ရဲ့ သွင်းယူပေးမှုကြောင့် ရယူနိုင်ခဲ့ပြီး အိမ်ကွင်းမှာ အဖိုးတန် ၃ မှတ် ပိုင်ဆိုင်သွားခဲ့ပါတယ်။ 

ဒါပေမယ့်လည်း နယ်လ်ဆင်ဂိုးသွင်းချိန်မှာ နာကျင်အချိန်ပိုက ၇ မိနစ်ကျော်နေခဲ့ပြီဖြစ်ကာ ကွင်းလယ်ဒိုင်က ပွဲချိန်စေ့နေပေမယ့် ပွဲမသိမ်းခဲ့တဲ့အပေါ် ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။ အာဆင်နယ်ပရိသတ်တွေအတွက်တော့ ပျော်ရွှင်စရာကောင်းခဲ့တာမှန်ပေမယ့် အနီးကပ်ပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးပရိသတ်တွေအတွက် ဒီရလဒ်က စိတ်ပျက်စရာကောင်းခဲ့မှာ သေချာပါတယ်။ 

ပရိသတ်တဦးက "၆ မိနစ်လို့ တရားဝင်ပေးခဲ့ပေမယ့် အာတီတာက သူ လိုချင်တဲ့ ၇ မိနစ်ကို ရသွားခဲ့တယ်" လို့ ပြောဆိုခဲ့ပါတယ်။ နောက်တဦးကလည်း "အာတီတာက ၇ မိနစ်တောင် တောင်းခဲ့ပြီး တကယ်လည်းရခဲ့တယ်၊ ရှက်ဖို့ကောင်းတယ်" လို့ ဆိုကာ နောက်ထပ်တဦးကလည်း "ပရီးမီးယားလိဂ်က အာဆင်နယ်အတွက် အကြံအဖန်တွေလုပ်ပေးနေတာပဲ" လို့ ရေးသားပြောဆိုထားတာတွေကို Sportbible က စုစည်းကာ ဖော်ပြခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ အနီးကပ်ပြိုင်ဘက် မန်စီးတီးကို ၅ မှတ်ဖြတ်တောက်ထားနိုင်ဆဲဖြစ်ကာ အမှတ်ပေးဖလားအတွက် အခြေအနေကောင်းမွန်နေဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က