မန်ချက်စတာယူနိုက်တက်နည်းပြကြီး အဲရစ်တန်ဟက်ဂျ်က အာဆင်နယ်နဲ့ ကစားရမယ့် ရာသီကြိုခြေစမ်းပွဲကို တကယ့်ပွဲအသွင်ကစားသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီးအသင်း နှစ်သင်းဟာ အမေရိကမှာ ကစားကြမှာဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် လက်မှတ်တွေအားလုံးကိုလည်း ကုန်စင်အောင်ရောင်းချနိုင်ခဲ့ပြီး ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အပြန်အလှန်အနိုင်ရရှိခဲ့ကြပြီး တချိန်တုန်းက အာဆင်နယ်-ယူနိုက်တက်တို့ရဲ့ ပြိုင်ဆိုင်မှုတွေလို ပြင်းထန်ခဲ့ကြပါတယ်။ အခု ရာသီကြိုခြေစမ်းပွဲကလည်း ပရိသတ်တွေ တော်တော်လေးစိတ်ဝင်စားနေချိန်မှာ တန်ဟက်ရဲ့ အခုလိုပြောဆိုမှုက ဒီပွဲကို အရှိန်မြှင့်တင်ပေးခဲ့သလို ဖြစ်လာခဲ့ရပါပြီ။
တန်ဟက်က "ဒီပွဲကို ကျနော်တို့ ခြေစမ်းပွဲလို ကစားမှာမဟုတ်ပါဘူး" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။ အာဆင်နယ်ကလည်း ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားခဲ့ရာမှာ အင်အားတော်တော်လေးတောင့်တင်းနေပြီး ဒီပွဲမှာလည်း အဆိုပါကစားသမားသစ်တွေရဲ့ စွမ်းဆောင်ရည်ကို အကဲခတ်နိုင်မှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကလည်း မေဆန်မောင့်၊ ဂိုးသမားသစ် အိုနာနာတို့ကို ပွဲထုတ်လာဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ခြေစမ်းပွဲတွေမှာတော့ အာဆင်နယ်က မေဂျာလိဂ်အောစတားအသင်းကို ၅ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ယူနိုက်တက်ကလည်း လီယွန်ကို အနိုင်ရရှိထားခဲ့ကာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားကြပါတယ်။