ကလော့ပ်တယောက် တော်တော်လေး စိတ်ဓာတ်ကျနေခဲ့တာပါ။

လီဗာပူးပရိသတ်တွေဟာ အာဆင်နယ်နဲ့ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ နည်းပြ ကလော့ပ်ရဲ့ ပွဲအပြီးအင်တာဗျူးကို ကြည့်ပြီးနောက် ဒီနည်းပြကြီးဘက်က အပြည့်အဝအားပေးထောက်ခံကြဖို့ အချင်းချင်း တိုက်တွန်းနေကြပါတယ်။ လီဗာပူးဟာ မနေ့ညက အာဆင်နယ်နဲ့အဝေးကွင်းမှာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲနှစ်ပွဲကနေ မတက်နိုင်ဖြစ်နေရပါတယ်။



လီဗာပူးဟာ လက်ရှိပရီးမီးယားလိဂ်မှာ ဘုန်းမောက်ကို ၉-၀ ဂိုး၊ နယူးကာဆယ်ကို ၂-၁ ဂိုးနဲ့ နှစ်ပွဲသာ အနိုင်ရထားသေးတာပါ။ အထူးသဖြင့် သူတို့ (၉) ဂိုးပြတ် သွင်းယူထားတဲ့ ဘုန်းမောက်က လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လီဗာပူးရဲ့အထက်ကို ရောက်ရှိနေပါတယ်။ ဒါ့အပြင် ဦးဆောင်သူ အာဆင်နယ်နဲ့လည်း လီဗာပူးတို့အကြား ရမှတ် (၁၄) မှတ်အထိ ကွာဟသွားခဲ့ပါတယ်။



ကလော့ပ်ဟာ အာဆင်နယ်နဲ့ပွဲအပြီး အင်တာဗျူးမှာ ပင်နယ်တီပေးခဲ့ရတဲ့ဖြစ်ရပ်အပေါ် ဝေဖန်ခဲ့ပြီး ချန်ပီယံဆုလမ်းကြောင်းကနေလည်း ထွက်ခွာသွားရပြီလို့ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုမျိုး အင်တာဗျူးလုပ်နေချိန်မှာ ကလော့ပ်တယောက် တော်တော်လေး စိတ်ဓာတ်ကျနေပုံရပြီး လီဗာပူးပရိသတ်တွေကလည်း ကလော့ပ်ကိုကြည့်ကာ စိတ်မကောင်းဖြစ်နေကြပါတယ်။ ပရိသတ်တွေက “ဒီနည်းပြကြီး ဒီလိုမျိုးခံစားနေရတာ တော်တော်လေး စိတ်ထိခိုက်ရပါတယ်”

“ကလော့ပ်ကိုကြည့်ရတာ တော်တော် ပင်ပန်းနေပြီး စိတ်ဓာတ်ကျနေပါတယ်” “ကစားသမားတွေအားလုံးကို ဒီအင်တာဗျူးပြလိုက်ပါ။ ကလော့ပ် ဘယ်လောက်တောင် စိတ်ဓာတ်ကျပြီး ဝမ်းနည်းနေလဲဆိုတာ သိအောင်လို့ပေါ့။ ဒါက အသင်းမှာရှိတဲ့လူတိုင်းကို စိတ်ဓာတ်လှုံ့ဆော်ပေးဖို့ လုံလောက်ပါတယ်” အသင်းရှုံးနိမ့်အပြီး ကလော့ပ်တယောက် ဒီလောက်ခံစားရတာ အခုမှ မြင်ဖူးပါတယ်”

“ကလော့ပ်ရဲ့နောက်မှာ အားလုံးရပ်တည်ပေးရပါမယ်။ သူက လီဗာပူးအတွက် အားလုံး စွမ်းဆောင်ပေးခဲ့ပြီး အခု အင်တာဗျူးမှာ တော်တော် စိတ်ဓာတ်ကျနေပါတယ်။ သူ အရင်ထက် ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုလိုအပ်နေပါတယ်” လို့ အသီးသီးရေးသားခဲ့ကြပါတယ်။ ကလော့ပ်ဟာ လီဗာပူးနည်းပြဘဝမှာ ဆုဖလားအားလုံး ဆွတ်ခူးပေးထားပြီးဖြစ်ပြီး အခုရာသီမှာ သူ့ရဲ့ကျိန်စာမိနေကျ (၇) နှစ်မြောက်ရာသီအတိုင်း ဆက်လက်ခံစားနေရတယ်လို့လည်း အချို့က ယုံကြည်နေကြပါတယ်။ 

Share

Loading Next Article...
က္က