ဘောလုံးလောကရဲ့ စံချိန်မှတ်တမ်းသစ်တွေကို အမြဲရေးထိုးနေသူပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့ညက အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်အသင်းကို မန်ချက်စတာယူနိုက်တက်က ၃-၂ နဲ့ အနိုင်ရရှိအောင် ကူညီပေးခဲ့ပြီးနောက် ဘောလုံးသမိုင်းတလျှောက် ပြိုင်ပွဲတွေမှာ သွင်းဂိုး ၈၀၀ အထိ သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ဒုတိယပိုင်း သွင်းဂိုး ၂ ဂိုးကြောင့် ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ မိုက်ကယ် ကားရစ်ဟာ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ယခုရာသီကုန်အထိ အသင်းကို တာဝန်ယူကိုင်တွယ်သွားဖို့ ပြင်ဆင်နေတဲ့ ရန်းနစ်ခ်ဆီကို အကောင်းဆုံးပုံစံနဲ့ လက်လွှဲပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ စမစ်ရိုးရဲ့ အငြင်းပွားဖွယ်သွင်းဂိုးကြောင့် စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်း ပြီးဆုံးခါနီး မိနစ်ပိုင်းအလိုမှာ ဘရူနို ဖာနန်ဒက်စ်က ပင်နယ်တီဧရိယာထဲမှာ ဖရက်ဒ်နဲ့ အပေးအယူလုပ်ပြီး ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။



ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၇ မိနစ်ခန့်အကြာမှာ ရော်နယ်လ်ဒိုက ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် မာတင် အိုဒီဂွါဒါက အလွန်ကောင်းမွန်တဲ့ ကန်သွင်းချက်နဲ့ ရော်နယ်လ်ဒိုရဲ့ဦးဆောင်ဂိုးကို ပြန်လည်ချေပသွားနိုင်ခဲ့ပေမယ့် နောက်ထပ် ၁၅ မိနစ်အကြာမှာ ပင်နယ်တီပြစ်ဒဏ်ဘောပေးရမယ့် ဖျက်ထုတ်မှုကို ပြုလုပ်ခဲ့တာကြောင့် ဟီးရိုးကနေ ဇီးရိုးဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပင်နယ်တီပြစ်ဒဏ်ဘောကို အမှားအယွင်းမရှိ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး ယူနိုက်တက်ဟာ နိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၃ မှတ်အကြွ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၇ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယာယီနည်းပြအဖြစ် နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ပွဲစဉ်မှာ မိုက်ကယ် ကားရစ်က ချဲလ်ဆီးနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်က ပွဲထွက်လူစာရင်းကို ၃ နေရာအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ရော်နယ်လ်ဒို၊ မက်ဂွိုင်းယားနဲ့ ဒါလော့တို့ကို ဘိုင်လီ၊ မာတစ်နဲ့ ဘစ်ဆာကာတို့နေရာမှာ ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကလည်း အပြောင်းအလဲ ၂ ခုအထိ ပြုလုပ်ခဲ့ပြီး တိုက်စစ်မှာ ဆာကာရဲ့နေရာကို မာတီနယ်လီက ဝင်ကစားခဲ့ပြီး လိုကွန်ဂါရဲ့ ကွင်းလယ်နေရာကို မိုဟာမက် အယ်နန်နီက ဝင်ကစားခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာတော့ ကစားသမားဘဝတလျှောက် ပြိုင်ပွဲသွင်းဂိုး ၈၀၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး နိုင်ငံတကာမှာလည်း ၁၁၅ ဂိုးနဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်အဖြစ် စံချိန်တင်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လွန်ခဲ့တဲ့ ၂ နှစ်က သွင်းဂိုး ၇၀၀ ပြည့်မြောက်ခဲ့ပြီးနောက် ကြာသပတေးနေ့ညမှာ သွင်းဂိုး ၈၀၀ ပြည့်မြောက်ခဲ့တာဖြစ်ပြီး အသက် ၃၀ အရွယ်ကနေစပြီး ၃၇၂ ပွဲမှာ ၃၃၈ ဂိုးအထိ မယုံနိုင်ဖွယ် သွင်းယူထားခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က