ယူနိုက်တက် နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ အာဆင်နယ်နဲ့ပွဲမှာ ပွဲချိန်ပြည့် မကစားနိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။ ပွဲကစားချိန် (၆၇) မိနစ်မှာ တန်ဟက်ခ်က မာတီနက်ဇ်ရဲ့ နေရာမှာ မက်ဂွိုင်းရားနဲ့ အစားထိုး ကစားခဲ့တာပါ။
အဆိုပါပွဲမှာ ယူနိုက်တက်တို့ အာဆင်နယ်ကို အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး မက်ဂွိုင်းရား၊ အီဗန်စ်တို့ ဝင်လာပြီးမှ ဂိုးတွေပေးလိုက်ရတဲ့အပေါ် ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ အစပိုင်းမှာလည်း မာတီနက်ဇ်တစ်ယောက် ဒဏ်ရာရသွားလို့ တန်ဟက်ခ်က လူစားလဲလိုက်ရတယ်လို့ ပရိသတ်တွေက ထင်မြင်ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီကစားသမားက နောက်တစ်နေ့မှာ အာဂျင်တီးနားအသင်းဖော် ဂါနာချိုနဲ့အတူ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းဖို့ ခရီးထွက်သွားခဲ့ပြီး ဒဏ်ရာရဟန်လည်း မရှိခဲ့ပါဘူး။ အခုချိန်မှာတော့ တန်ဟက်ခ်တစ်ယောက် မာတီနက်ဇ်ကို လူစားလဲလိုက်တဲ့အကြောင်းရင်းကို သတင်းတွေက ဖော်ပြလာပါတယ်။
မာတီနက်ဇ်ဟာ အာဆင်နယ်နဲ့ပွဲမတိုင်ခင် ၂-၃ ရက်အလိုက လေ့ကျင့်ရေးကွင်းမှာ ပြင်းထန်တဲ့ ထိခိုက်မှုတစ်ခုရှိခဲ့ကြောင်း၊ အဆိုပါနေရာကလည်း လွန်ခဲ့တဲ့ (၂) လက ခွဲစိတ်ထားတဲ့နေရာကဖြစ်ကြောင်း၊ အာဆင်နယ်နဲ့ပွဲမှာလည်း အဆိုပါ နေရာကပဲ ပြန်လည်နာကျင်လာတာကြောင့် တန်ဟက်ခ်က မာတီနက်ဇ်ကို လူစားလဲခဲ့ရတာဖြစ်ပါတယ်။
မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ ဆီဗီလာနဲ့ ယူရိုပါလိဂ်အိမ်ကွင်းပွဲမှာ ခြေချောင်းရိုးဒဏ်ရာရရှိခဲ့ပြီး ကာလတစ်ခုအကြာ အနားယူခဲ့ရပါတယ်။ အခု အာဆင်နယ်နဲ့ပွဲမှာတော့ အဆိုပါနေရာက ပြန်လည်ဒုက္ခပေးလာခဲ့ဟန်ရှိပြီး နိုင်ငံတကာရက်သတ္တပတ်အပြီးမှာတော့ မာတီနက်ဇ်က ယူနိုက်တက်အတွက် ပြန်လည်ကစားနိုင်ဖွယ်ရှိပါတယ်။