ဒီနေ့ မနက်မှာ ကစားသွားခဲ့တဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်၊ ဆန်ချိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ သာမန်ပွဲကစားချိန်အတွင်း ရလဒ်ဖြစ်ပြီး ပင်နယ်တီ ထပ်ကန်ရာမှာလည်း ယူနိုက်တက်က ၅-၃ ဂိုးနဲ့ ထပ်မံ အနိုင်ရရှိခဲ့ပါသေးတယ်။
ဒီပွဲမှာ ပြောစရာဖြစ်ခဲ့တဲ့ နောက်တစ်ချက်ကတော့ ယူနိုက်တက်ကြယ်ပွင့်လေး မေနိုရဲ့ စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကတည်းက တန်ဟက်ခ်တို့ အသင်းကြီးမှာ ခေါ်ယူထားတဲ့ မေနိုက လက်ရှိ နွေရာသီ ခြေစမ်းပွဲတွေမှာတော့ တော်တော်လေးကို ကောင်းမွန်တဲ့ ခြေစွမ်းမျိုး ပြသထားပြီး အာဆင်နယ်နဲ့ပွဲမှာလည်း ကွင်းလယ်ကို လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။
မေနိုဟာ အာဆင်နယ်တို့ အသစ်ခေါ်ယူထားတဲ့ ပေါင်သန်း (၁၀၀) တန် ကွင်းလယ်လူ ရိုက်စ်ထက် ပိုမိုကောင်းမွန်တဲ့ ကစားဟန်ကို ပြသခဲ့ပြီး သူ့ရဲ့ ဘောလုံးပေးပို့မှု၊ ပွဲကို ထိန်းကျောင်းနိုင်စွမ်း၊ အမြင်တွေက ရိုက်စ်ထက် သာလွန်ခဲ့တယ်လို့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။ ပရိသတ်တွေက “ဒကလန်ရိုက်စ်အနေနဲ့ ကွင်းလယ်ခံစစ်မှာ ဘယ်လို ကစားရမလဲ သင်ယူချင်ရင် မေနိုရဲ့ ပထမပိုင်းက အဆင့်အတန်းမြင့် ကစားပုံကို ကြည့်ပြီး သင်ယူနိုင်ပါတယ်”
“မေနိုကတော့ ပေါင်သန်း (၁၀၀) တန် ရိုက်စ် (Rice) ကို ချက်ပြုတ်နေပါပြီ။ ရိုက်စ်ကတော့ ပုန်းနေရပါတယ်” “ကိုဘီ (မေနို) ကတော့ တကယ့်ကို ထူးရှယ် ကစားသမားပါပဲ” “သူက အသင်းကစားကွက်တည်နေချိန်မှာ နောက်ကို ဆင်းပြီး ကူညီပေးတာက လူငယ်ကစားသမားတစ်ယောက်အနေနဲ့ တကယ်ကို အမြင်ရှိတယ် ပြောရပါမယ်” လို့ ချီးကျူးသွားခဲ့ပါတယ်။
မေနိုဟာ လိဒ်စ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာကတည်းက ယူနိုက်တက်အတွက် ခြေစွမ်းပြခဲ့တာဖြစ်ပြီး အခု အာဆင်နယ်လို ထိပ်တန်းအသင်းကြီးနဲ့ ခြေစမ်းပွဲမှာပါ ထပ်မံခြေစွမ်းပြခဲ့တာပါ။ ယူနိုက်တက်ဟာ လက်ရှိနွေရာသီ ခြေစမ်းပွဲတွေမှာ သာမန်ပွဲကစားချိန်အတွင်း ပေးဂိုးလုံးဝမရှိသေးဘဲ မေနိုကလည်း လာမယ့်ရာသီ အသင်းကြီးမှာ နေရာတစ်နေရာကို စိန်ခေါ်နိုင်မယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပြီဖြစ်ပါတယ်။