အာဆင်နယ်နဲ့ပတ်သက်တဲ့သတင်းတွေကို ဝစ်ချ်နယ်လ်ဒမ်း ငြင်းဆန်ခဲ့တာပါ။

မနေ့က သတင်းထောက် ဆိုဟဲလ်ကိုက ပီအက်စ်ဂျီ ကွင်းလယ်လူ ဝစ်ချ်နယ်လ်ဒမ်းဟာ အာဆင်နယ်မှာ လာရောက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ စကိုင်းစပေါ့ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဝစ်ချ်နယ်လ်ဒမ်းဟာ ပီအက်စ်ဂျီမှာ ပုံမှန်ပွဲထွက်ခွင့်မရရှိတာကြောင့် အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။



ဝစ်ချ်နယ်လ်ဒမ်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ လီဗာပူးကနေ ပြင်သစ်မြေကို ပြောင်းရွှေ့သွားခဲ့တဲ့ ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်နဲ့ ကောင်းကောင်းအသားကျပြီးသား ကစားသမားတယောက်လည်းဖြစ်ပါတယ်။ အာဆင်နယ်ကလည်း ကွင်းလယ် ကစားသမားသစ် ရှာဖွေနေရတဲ့ အချိန်မှာ ဝစ်ချ်နယ်လ်ဒမ်းနဲ့ ပတ်သက်တဲ့သတင်းတွေက စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

ဒါပေမယ့် ဝစ်ချ်နယ်လ်ဒမ်းကတော့ (၂၄) နာရီမပြည့်ခင်မှာပဲ ဒီသတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ ဝစ်ချ်နယ်လ်ဒမ်းက “ကျနော် အဆင်ပြေနေပါတယ်။ အသင်းသစ်၊ လိဂ်အသစ်မှာပေါ့။ ကျနော့်အသင်းဖော်တွေ၊ ဝန်ထမ်းတွေဆီကနေ ကျနော် နေ့စဥ်သင်ယူနေပြီး သူတို့ကလည်း ကျနော် အသင်းမှာ အသားကျအောင် အများကြီး ကူညီပေးကြပါတယ်”

“တနေ့ထက်တနေ့ထက် တယောက်အကြောင်းကို ပိုပိုသိလာပါတယ်။ ကျနော် ပြင်သစ် ဘာသာစကားကိုလည်း သင်ယူနေပြီး ဒါကပဲ ကျနော့်အတွက် အရေးကြီးပါတယ်” လို့ အသင်းက ထွက်ခွာမယ့် သတင်းတွေအပေါ် တုံ့ပြန်သွားခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ရှိဆောင်းရာသီ အပြောင်းအရွှေ့အတွက် ပထမဆုံးပစ်မှတ်အနေနဲ့ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ကြိုးစားခဲ့ပေမယ့် ဗလာဟိုဗစ်က ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။

အဲ့ဒီနောက် အာဆင်နယ် စိတ်ဝင်စားနေတဲ့ လိုင်ယွန်ကွင်းလယ်လူ ဘရူနိုဂွီမာရက်စ်ကလည်း နယူးကာဆယ်ကို ပြောင်းဖို့ အလေးသာနေပြီး ဝစ်ချ်နယ်လ်ဒမ်းကတော့ အာဆင်နယ်နဲ့ သတင်းထွက်မယ်ရှိတုန်းမှာပဲ ကြိုငြင်းသွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က